ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ညမှာ ဒေါ့မွန်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်မှာ (၃)ဂိုး (၅)ဂိုး ဖြစ်နေတာကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို (၆)နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရာက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆစ်ဂနယ် အီဒူနာကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာ ဘာစီလိုနာအသင်းဟာ အချိန်တချို့ မတည်မငြိမ် ဖြစ်ခဲ့ပြီး အိမ်ရှင် ဒေါ့မွန်က ပြင်းထန်တဲ့ ဖိအားတွေ ပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်က ဒီပွဲမှာ (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နောက်ခံလူ ဘန်ဆီဘိုင်နီ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် ဒေါ့မွန်ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးခဲ့ပါတယ်။ ဒီပွဲက ဘာစီလိုနာရဲ့ ၂၀၂၅ မှာ (၂၄)ပွဲဆက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကို အဆုံးသတ်စေခဲ့ပြီး ပွဲပြီးချိန်မှာ ဘာစီလိုနာကစားသမားတွေဟာ ပျော်ရွှင်မှု မရှိသလောက် ဖြစ်နေခဲ့ပါတယ်။

Photo Credit : ESPN

ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းက El Chiringuito နဲ့ အင်တာဗျူးမှာ “ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ စိတ်သက်သာရပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြဖို့ ခက်ပါတယ်။ ကစားသမား တော်တော်များများက ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒီညပွဲမှာ ပြခဲ့တာထက် ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သိပါတယ်။ ဒါက စိတ်မချမ်းသာစရာ အရသာကို ခံစားရစေပါတယ်။ မနက်ဖြန်ဆိုရင် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့လို့ ပိုပျော်ရွှင်လာမှာပါ။” လို့ ပြောပါတယ်။

တစ်ဖက်မှာတော့ ရောဘတ် လီဝန်ဒေါစကီးက သူ့ရဲ့ အသင်းဖော်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ဒီပွဲက သင်ခန်းစာတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ ကွင်းလယ်မှာ ထိန်းချုပ်မှု မရှိခဲ့ပါဘူး။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့တယ်။ ဘောလုံးပေးပို့မှုတွေ လွဲချော်ခဲ့တယ်။ ပြိုင်ဘက်အတွက် လွယ်လွယ်ကူကူ ဖြစ်သွားခဲ့တယ်။ ဒီနေ့ပွဲကို သေချာခွဲခြမ်းစိတ်ဖြာရမယ်။ ဒါကို သင်ခန်းစာယူရမယ်။ ဒီလို ကစားလို့ မရပါဘူး။” လို့ ပြောပါတယ်။

Photo Credit : Bavarian Football Works

“ရှုံးမယ်၊ အမှားတွေ လုပ်မိမယ်ဆိုရင် ဒီအဆင့်မှာ ပဲလုပ်မိတာ ပိုကောင်းပါတယ်။ ရှေ့ဆက် လျှောက်မယ်ဆိုရင် ဒီလို အမှားတွေအတွက် နေရာမရှိတော့ပါဘူး။ ကျွန်တော်တို့ ဒေါ့မွန်အတွက် အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးရဖို့ လွယ်လွယ်ကူကူ ဖြစ်သွားခဲ့တယ်။ ဒါက ကျွန်တော်တို့ လိုအပ်တဲ့ နိုးကြားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီနေရာကနေ သင်ခန်းစာယူရမှာပါ။ ဒီပွဲက ကျွန်တော်တို့ရဲ့ လူငယ် ကစားသမားလေးတွေအတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ချန်ပီယံလိဂ်ဆိုတာ ချန်ပီယံလိဂ်ပါပဲ။ အမြဲတမ်း အဆင်သင့်ဖြစ်နေရမယ်။ ၉၀% ဒါမှမဟုတ် ၉၅% နဲ့ မဟုတ်ဘူး။ ၁၀၀% ဖြစ်ရမယ်။” လို့ လီဝန်ဒေါစကီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ညာနောက်ခံလူ ဂျူးလ် ကွန်ဒီကလည်း ပွဲအပြီးမှာ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ “ဆီမီးဖိုင်နယ်ကို တက်လှမ်းဖို့ဆိုတာ ရာသီအစကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကြီးတစ်ခုဖြစ်ခဲ့ပြီး ဒါကို တန်ဖိုးထားရမှာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ပြင်းပြမှု၊ ဖိအားပေးမှု အာရုံစူးစိုက်မှု တစ်ဦးချင်းယှဉ်ပြိုင်မှုမှာ အနိုင်ရဖို့ ဘောလုံးပေးပို့မှု လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ မလုပ်နိုင်ခဲ့ပါဘူး။ နည်းပြက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ ပြောခဲ့ပြီး အချိန်တချို့မှာ လုပ်နိုင်ခဲ့ပေမယ့် မိနစ်(၉၀)အတွင်း လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ အသင်းက ဒီထက်ပိုကောင်းနိုင်တယ်ဆိုတာ သိလို့ ဒီပွဲနဲ့ ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။” လို့ သူက Sport ကို ပြောပါတယ်။