ဘာစီလိုနာအသင်းရဲ့ ပိုလန် ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးကတော့ ဘောလုံးလောကရဲ့ GOAT ကြီးတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပါ မရယူနိုင်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုလန် လက်ရွေးစင် ကစားသမားကြီး လီဝန်ဒေါစကီးဟာ ဒေါ့မွန် ဘိုင်ယန်မြူးနစ် ဘာစီလိုနာအသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲခဲ့ဖူးသလို ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်လ်ဒို မက်ဆီတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေသလို သူရဲ့ စုစုပေါင်း ချန်ပီယံလိဂ်သွင်းဂိုး အရေအတွက်ကလာည်း (၁၀၅)ဂိုးအထိ ရှိနေပါတယ်။ ဒါ့အပြင် ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ဒုတိယနေရာမှာပါ ရပ်တည်နေပါတယ်။

လီဝန်ဒေါစကီးဟာ မနေ့ညက သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ လီဝန်ဒေါစကီးရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက (၁၁)ဂိုးအထိတောင် ရှိလာခဲ့ပါတယ်။

Photo Credit : 90Min

လီဝန်ဒေါစကီးဟာ ဒေါ့မွန် ဘိုင်ယန် ဘာစီလိုနာ အစရှိတဲ့ မတူညီတဲ့ အသင်း(၃)သင်းအတွက် ကစားပေးရင်း အဲ့ဒီအသင်းအတွက် တစ်ရာသီတည်း ချန်ပီယံလိဂ်ဂိုး (၁၀)ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ်တစ်ခုကို ရေးထိုးလိုက်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၁၂-၁၃ ရာသီမှာ ဒေါ့မွန်အတွက် ချန်ပီယံလိဂ် (၁၀)ဂိုး ၂၀၁၉-၂၀နဲ့ ၂၀၂၁-၂၂ မှာ ဘိုင်ယန်အတွက် (၁၅)ဂိုးနဲ့ (၁၃)ဂိုး အခုရာသီမှာ ဘာစီလိုနာအတွက် (၁၁)ဂိုးတွေအထိ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲမှာ ရော်နယ်လ်ဒိုက ယူနိုက်တက် ရီးယဲလ် ဂျုဗင်တပ်စ်တို့နဲ့ ချန်ပီယံလိဂ်ပွဲတွေ ကစားခဲ့ရသလို မက်ဆီကတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီနဲ့ပဲ ကစားခဲ့ရပေမယ့် ရော်နယ်လ်ဒိုရော မက်ဆီပါ ရီးယဲလ် ဘာစီလိုနာတို့နဲ့သာ (၁၀)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ကြပါတယ်။