လတ်တလောမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ စပိန်အသင်းဖော် လာမင်း ယာမားလ်ကြောင့် အာဆင်နယ်ထက် ဘာစီလိုနာအသင်းဆီကိုသာ ပိုမို ပြောင်းရွှေ့ရောက်ရှိသွားနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အသက်(၂၂)နှစ်အရွယ် စပိန် လက်ရွေးစင် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်ကတည်းက ထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း သူ့ကို ဘာစီလိုနာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ အပါအဝင် အသင်းတော်တော်များများက ခေါ်ယူချင်နေပါတယ်။
Photo Credit : Barca Blaugranes
ဘာစီလိုနာက ပြီးခဲ့တဲ့နှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဝီလီယံစ်ကို ပြီးခဲ့တဲ့ နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဝီလီယံစ်ကတော့ ဘီလ်ဘာအိုမှာပဲ နောက်ထပ် တစ်နှစ် ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက သူ့ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မလျှော့သေးဘဲ Sport သတင်းဌာနရဲ့ အဆိုအရ နွေရာသီမှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အာဆင်နယ်အသင်းက ဝီလီယံစ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပြီး ကစားသမားရဲ့ စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ယူရိုသန်း(၆၀) (ပေါင် ၅၁သန်း)ကို ပေးချေဖို့ ရည်ရွယ်ပြီး ဆွေးနွေးမှုတွေ စတင်နေတယ်လို့ သိရပါတယ်။
Photo Credit : Barca Universal
ပြိုင်ဆိုင်မှုတွေကြားထဲကနေ ဘာစီလိုနာအသင်းဟာ ဝီလီယံစ်ကို ခေါ်ယူရာမှာ သူတို့မှာ အားသာချက်တစ်ခု ရှိလို့နေပါတယ်။ အဲဒါကတော့ ဝီလီယံဟာ သူ့ရဲ့ စပိန်အသင်းဖော်ကြယ်ပွင့် ယာမားလ်နဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဝီလီယံစ်က “ကျွန်တော်တို့ အများကြီး ရယ်မောကြတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ ဒါမှမဟုတ် အလွန်ဆင်တူတဲ့ စိတ်နေသဘောထားတွေရှိပြီး တူညီတာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာ ထင်ရှားပါတယ်။ သူက ကျွန်တော်နဲ့ အလွန်အဆင်ပြေတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အစ်ကို အီနာကီ ကျွန်တော့်ကို အကြံဉာဏ်တွေ ပေးခဲ့သလိုပဲ ကျွန်တော်လည်း သူ့ကို အတတ်နိုင်ဆုံး အကြံဉာဏ်တွေ ပေးဖို့ ကြိုးစားပါတယ်” လို့ ပြောခဲ့ပါတယ်။
ကာတာလန်အသင်းဟာ ယာမားလ်နဲ့ ဝီလီယံစ်တို့ရဲ့ ရင်းနှီးမှုကနေ ဝီလီယံစ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ သူတို့ဘက်ကို မျက်စိတစ်မှိတ်စာလောက် အသာရစေလိမ့်မယ်လို့ မျှော်လင့်နေပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ သူ ပစ်မှတ်ထားတဲ့ ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေမှာ သေချာပါတယ်။