မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ရိုးမားအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီ စီးရီးအေပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ရင်း ရိုးမားနည်းပြရာထူးအတွက် ကောလဟာလ သတင်းတွေ တဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
အေဂျက်စ်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့ပြီး မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ လိဂ်ဖလားနဲ့ နောက်တစ်ရာသီမှာ အက်ဖ်အေဖလားကို ရယူခဲ့ပေမယ့် တတိယရာသီရဲ့ ရာသီဝက် မတိုင်ခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပါတယ်။
Photo Credit : The Times
အောက်တိုဘာ ၂၀၂၄ခုနှစ်မှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရတဲ့ နည်းပြတန်ဟက်ဂ်ဟာ အသင်းလက်မဲ့ ဖြစ်သွားရချိန်အတွင်း ရိုးမား ဒေါ့မွန်တို့လို အသင်းတွေနဲ့ သတင်းထွက်ပေါ်ခဲ့ပြီး ဒေါ့မွန်နည်းပြသစ် ဖြစ်လာဖို့လည်း အတော်လေး နီးစပ်ခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ ရာသီအစမှသာ အသင်းတစ်သင်းသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
အခုတော့ တန်ဟက်ဂ်က ရိုးမားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ကို တက်ရောက် ကြည့်ရှုခဲ့သလို ရိုးမားအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဖရီဒ်ကင်မိသားစုရဲ့ ဧည့်သည်တော်အဖြစ် ပွဲကို လာရောက်ခဲ့တာ ဖြစ်တာကြောင့် တန်ဟက်ဂ်ဟာ နွေရာသီမှာ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူဖို့ စီစဉ်ထားခြင်းခံရတယ်ဆိုတဲ့ သတင်းတွေကို ပိုမိုအားကောင်းလာစေပါတယ်။
Photo Credit : Corriere Giallorosso
ရိုးမားအသင်းဟာ လက်ရှိမှာ ဝါရင့်နည်းပြကြီး ကလော်ဒီယို ရာနီယေရီ လက်ထက် အသင်းက ရလဒ်ပိုင်းတွေ ပြန်လည် ကောင်းမွန်လို့နေပြီး (၈)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ (၇)ပွဲဆက်ထိ အနိုင်ရထားခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ အခြေအနေကောင်းမွန်လို့နေပါတယ်။
ဒါပေမယ့် အသက်(၇၃)နှစ်အရွယ် နည်းပြကြီးက ရိုးမားအသင်းကို အခုဘောလုံးရာသီကုန်အထိသာ ကိုင်တွယ်သွားမှာ ဖြစ်တာကြောင့် နွေမှာ နည်းပြသစ်တစ်ဦးကို ခေါ်ယူရဖို့ ရှိနေပြီး လက်ရှိမှာ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ်က ရာနီယေရီ နေရာကို အစားထိုး ဝင်ရောက်ဖို့ ရှိနေသူအဖြစ် ကောလဟာလတွေ အတော်လေး ထွက်ပေါ်နေပါတယ်။