မိုဟာမက် ဆာလာဟာ မကြာသေးခင်ကာလမှာ စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းလာတာကြောင့် တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုတွေကို လက်လွှတ်လိုက်ရဖွယ် ရှိနေတယ်လို့ ကစားသမားဟောင်းကြီး ဂျွန် ဘန်းစ်က သတိပေးစကား ပြောဆိုလိုက်ပါတယ်။

ဆာလာဟာ ပရီးမီးယားလိဂ် သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ အကောင်းဆုံး တစ်ဦးချင်း စွမ်းဆောင်ရည်တွေထဲက တစ်ခုကို ဒီရာသီမှာ ပြသလို့နေပြီး ဂိုး(၄၄)ဂိုးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ထားသလို ဒါဟာ အာလင်း ဟာလန်း (၂၀၂၂-၂၃) နဲ့ သီယာရီ ဟင်နရီ (၂၀၀၂-၀၃) တို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ စံချိန်ကို တူညီအောင် စွမ်းဆောင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

Photo Credit : Rousing the Kop

ဒါ့အပြင် ဆာလာက လီဗာပူးလ် ကစားသမားဘဝအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့လည်း အခြေအနေကောင်းလို့နေပြီး သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု တချို့ကိုပါ ပိုင်ဆိုင်ရဖို့ အလားအလာကောင်းနေပြန်ပါတယ်။ ဒါပေမယ့် လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျွန် ဘန်းစ်ကတော့ ဆာလာအနေနဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုတွေကို သေချာပေါက် ရမယ်လို့ အာမခံလို့မရဘူးလို့ ပြောခဲ့ပါတယ်။

“အခုကနေ ရာသီကုန်အထိ ဘာတွေဖြစ်မလဲဆိုတာပေါ် မူတည်ပါတယ်။ မတ်လကနေ မေလအထိ စွမ်းဆောင်ရည်ကောင်းခဲ့လို့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုရတဲ့ သူတွေကို ကျွန်တော် သိပါတယ်။ အဲဒီအချိန်မတိုင်ခင်မှာ မကောင်းခဲ့ရင်တောင် နောက်ဆုံး လှုပ်ရှားမှုတွေကိုပဲ လူတွေက မှတ်မိကြတာပါ။ ရာသီဆုံးတဲ့အခါ ဘယ်သူကောင်းနေလဲ ဘယ်သူ ထင်ရှားနေလဲဆိုတာကို ကြည့်ကြတာပါ။ ဇန်နဝါရီအထိ အရမ်းကောင်းခဲ့ပေမယ့် မတ်လကနေ မေလအထိ မကောင်းခဲ့ရင် အဲဒါကို ထည့်မတွက်တော့ပါဘူး။”

Photo Credit : Goal

“ဒါကြောင့် အခုကနေ ရာသီဆုံးအထိ ဘာဖြစ်မလဲဆိုတာပေါ်ပဲ မူတည်ပါတယ်။ လီဗာပူးက ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ (၂)ပွဲ (၃)ပွဲမှာ ဆာလာ သိပ်မထင်ရှားခဲ့ပါဘူး။ ဒီလိုဆက်ဖြစ်နေရင် သူ ဆုမရတော့တာလည်း ဖြစ်နိုင်ပါတယ်။ လီဗာပူးကစားသမားတွေကို မဟုတ်ဘဲ ဆုရနိုင်သူတွေကို ရှာဖို့ ခက်ပါတယ်။ ဘာလို့ဆို သူတို့က လိဂ်မှာ အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး အသင်းဖြစ်နေလို့ပါ။ ဆာလာက ကျွန်တော့်ကို တခြားသူတွေထက် ပိုပြီး အထင်ကြီးစရာ မဖြစ်ခဲ့ပါဘူး။”

“ဆိုဘို့စလိုင်းက ကျွန်တော့်ကို အထင်ကြီးစေခဲ့တယ်။ ဗာဂျီး(ဗန်ဒိုက်)ကလည်း အရမ်းကောင်းခဲ့ပါတယ်။ အသင်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ရာသီဆုံးချိန်မှာ ဘယ်သူကောင်းခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ လီဗာပူးအသင်းတစ်ခုလုံး အံ့သြဖွယ်ကောင်းခဲ့ပါတယ်။ ဗာဂျီးကို တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုရဖို့ အခွင့်အလမ်း ပိုပေးချင်ပါတယ်။ ဘာလို့ဆို သူလုပ်ခဲ့တာတွေကြောင့် အခုထိ ကျွန်တော်တို့ရဲ့ အတည်ငြိမ်ဆုံး ကစားသမားဖြစ်နေလို့ပါ။” လို့ ပြောခဲ့ပါတယ်။