မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် ယူနိုက်တက် ကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်းကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာခြင်းဟာ ကလပ်အသင်းအတွက် တိုးတက်အောင်လုပ်ဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ လက်စတာကို (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ဂိုးပေါက်ပျောက်နေတာ ကြာမြင်နေတဲ့ ဟွိုင်လန်းနဲ့ ဂါနာချိုတို့ရဲ့ ဂိုးတွေအတွက်ပါ ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အခုဆိုရင် ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် ပြိုင်ပွဲအားလုံးမှာ ပွဲတစ်ပွဲအတွင်းမှာပဲ (၃)ဂိုးအထိ ဂိုးပါဝင်ပတ်သက်မှု လုပ်ဆောင်နိုင်ခဲ့တာဟာ (၉)ကြိမ်မြောက်တောင် ရှိလာခဲ့သလို ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ဟက်ထရစ်ပါ သွင်းယူခဲ့ပါသေးတယ်။
Photo Credit : FotMob
အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု (၁၁၂)ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဟောင်း ရုဒ် ဗန် နစ္စတယ်ရွိုင်းကို ကျော်လွန်ပြီး ယူနိုက်တက်အတွက် ဂိုးပါဝင်ပတ်သက်နိုင်တဲ့ ကစားသမားစာရင်းရဲ့ အဆင့်(၁၀)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်က ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၄၄)ပွဲကစား (၁၆)ဂိုးသွင်းပြီး (၁၅)ဂိုးထိ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ကိန်းကတော့ ပြီးခဲ့တဲ့လ Stick To Football ပေါ့ဒ်ကတ်စ်မှာ ဒေါသတကြီး ပြောဆိုခဲ့ပြီး ယူနိုက်တက် အသင်းသားတွေဟာ အတုအယောင်တွေဖြစ်တယ်လို့ စွပ်စွဲခဲ့သလို ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့လည်း အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပြီး သူ့ရဲ့ ကလပ်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်မှုကို ဝေဖန်ကာ သူဟာ တိုက်ပွဲဝင်သူ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Photo Credit : TEAMtalk
ဒီလို ဝေဖန်ထားမှုအပေါ် ဖာနန်ဒက်စ်က “ကျွန်တော့်ရဲ့ နည်းလမ်းနဲ့ ကျွန်တော် လုပ်ဆောင်နေပါတယ်။ သင့်အကြောင်း အဲဒီလိုအရာတွေ ကြားရတာ မကောင်းဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ အဲဒါက သင့်ကို လှုံ့ဆော်ပေးပါတယ်။ သေချာပါတယ်။ လူတွေက သင်တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။”
“ကျွန်တော်လုပ်တဲ့ အရာအားလုံးကို လူတိုင်းက ကြိုက်မှာမဟုတ်သလို တူညီတဲ့နည်းလမ်းနဲ့လည်း မထင်ပါဘူး။ ကျွန်တော်က လူတိုင်းရဲ့ ထင်မြင်ချက်ကို လေးစားပါတယ်။ ရွိုင်းကိန်းကိုလည်း အရမ်းလေးစားပါတယ်။ ကျွန်တော့်ရဲ့ ကစားပုံ၊ ကျွန်တော့်ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော့်ရဲ့ ဘဝမှာ လုပ်ဆောင်တဲ့ အရာအားလုံးမှာ တိုးတက်ဖို့ အခွင့်အလမ်း အများကြီးရှိတယ်ဆိုတာကို လက်ခံပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။