ပေါ်တူဂီ စူပါစတားကြီးဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝက အနားယူသွားချိန် သူရဲ့အမိမြေ ပေါ်တူဂီနိုင်ငံမှာ သမ္မတအဖြစ် ဝင်ရောက် အရွေးခံမယ်ဆိုရင် အနိုင်ရနိုင်လောက်တယ်လို့ စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဒိန်းမတ်တိုက်စစ်မှူး ကော်နတ် ဟာဒါက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
မကြာသေးခင်ကမှ အသက်(၄၀)ပြည့်ထားခဲ့တဲ့ ဘာလွန်းဒေါ (၅)ကြိမ်ရ ထိပ်တန်းဘောလုံးသမားကြီး ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ထိ ရောက်နေပေမယ့်လည်း သူရဲ့လက်ရှိကလပ် အယ်လ်နာဆာနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့အတွက် အင်တိုက်အားတိုက် အကောင်းဆုံး စွမ်းဆောင်ပေးလျက် ရှိနေပါတယ်။
Photo Credit : Goal
ကစားသမားဘဝကို စပို့တင်း လစ္စဘွန်းမှာ စတင်ခဲ့ပြီး မန်ယူနိုက်တက် ရီးယဲလ် ဂျုဗင်တပ်စ်နဲ့ လက်ရှိ အယ်လ်နာဆာတို့မှာ တောက်ပခဲ့သလို ပေါ်တူဂီအသင်းအတွက်ကိုလည်း ယူရိုဖလားနဲ့ နေးရှင်းစ်လိဂ်ဖလားတို့ ရယူခဲ့ပေးဖူးတဲ့ ရော်နယ်လ်ဒိုကို ပေါ်တူဂီနိုင်ငံသားများ အားလုံးနီးပါးက နိုင်ငံရဲ့ သူတော်ကောင်းတစ်ဦးတစ်ဖွယ် ချစ်မြတ်နိုးကြပါတယ်။
အခုလည်း ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ ဒိန်းမတ်အသင်းနဲ့ UEFA Nations League ကွာတားဖိုင်နယ် ပွဲစဉ်ကို ကစားသွားဖို့ ရှိနေပြီး ဒိန်းမတ် တိုက်စစ်ကစားသမား ဟာဒါက ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်စကားတွေကိုပါ ပြောဆိုလာခဲ့ပါတယ်။ “စပို့တင်းအသင်းအနေနဲ့ ခရစ္စတီယာနိုက ကျွန်တော်တို့အသင်းကို ကိုယ်စားပြုတဲ့အတွက် အတိုင်းထက်အလွန် ဂုဏ်ယူပါတယ်။”
Photo Credit : Goal
“ဒါပေမဲ့ သူက ဒီမှာတင် သြဇာမလွှမ်းမိုးပါဘူး။ သူက တစ်နိုင်ငံလုံးကို သူ့ရဲ့ သြဇာလွှမ်းမိုးမှု ပေးစွမ်းနိုင်ပြီး ကျွန်တော်ထင်ထားတာထက် အများကြီးလည်း ပိုပါတယ်။ သူသာ သမ္မတအဖြစ် ဝင်ရွေးမယ်ဆိုရင် သူ အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ စပို့တင်း တိုက်စစ်မှူးလေး ဟာဒါက မှတ်ချက်ပြု ပြောဆိုသွားပါတယ်။
ဒါပေမယ့် ဟာဒါ မှတ်ချက်ပြုသလိုမျိုး ရော်နယ်လ်ဒိုက ဘောလုံးသမားဘဝကနေ အနားယူခဲ့မယ်ဆိုရင်တောင်မှ နိုင်ငံရေးလောကထဲဆီ ဝင်လာနိုင်မယ့် အရိပ်အယောင်မျိုး ရှိမနေဘဲ ဘောလုံးနည်းပြ ဒါမှမဟုတ် ဘောလုံးအသင်း တစ်သင်းသင်းရဲ့ အသင်းပိုင်ရှင် အသင်းဥက္ကဌအဖြစ်နဲ့သာ တွေ့မြင်သွားရဖွယ်သာ ရှိနိုင်ပါတယ်။