ဒေးဗစ် ဒီဂီယာလို ထိပ်တန်း ကစားသမားတစ်ဦးကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်ပြုခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်တွေဟာ မိုက်မဲလွန်းတယ်လို့ ဖီအိုရင်တီးနား တိုက်စစ်ကစားသမား အယ်လ်ဘတ် ဂူမန်ဆန်က ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

လက်ရှိမှာ အသက်(၃၄)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ ၂၀၁၁ကတည်းက အသက်လက်တီကို မက်ဒရစ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်မှာ ယူနိုက်တက်မှာ ကစားသမားဘဝ (၁၂)ရာသီကြာ ဖြတ်သန်းခဲ့ကာ အသင်းရဲ့ သက်တော်ရှည် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Football Italia

ဖာဂူဆန်လက်ထက်ကနေ အဲရစ် တန်ဟက်ဂ်လက်ထက်ထိ အသင်းမှာ အသုံးတော်ခံခဲ့ပြီး အသင်းက ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုတွေကို (၄)ကြိမ်ထိ ပိုင်ဆိုင်ခဲ့တဲ့ ဒီဂီယာဟာ ၂၀၂၃ နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ကာ ကလပ်အသင်းလက်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဒီဂီယာကို သက်တမ်းမတိုးခဲ့ဘဲ အင်တာမီလန်က ဂိုးသမား အိုနာနာကိုသာ ခေါ်ယူခဲ့ပါတယ်။

(၁၂)နှစ်ကြာ လက်တွဲခဲ့ရတဲ့ ကလပ်အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ဒီဂီယာဟာ တစ်နှစ်နီးပါးလောက်အထိ အသင်းသစ် ရှာမတွေ့ဘဲ ၂၀၂၄ သြဂုတ်လမှသာ ဖီအိုရင်တီးနားနဲ့ လက်တွဲခဲ့ပါတယ်။ အခုတော့ ဒီဂီယာက ဖီအိုရင်တီးနားမှာ ပင်တိုင်ဂိုးသမားတစ်ဦးပါ ဖြစ်လို့နေပြီး ဒီရာသီထဲ ပြိုင်ပွဲစုံ (၂၈)ပွဲအထိတောင် ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်ကနေ အလွယ်တကူ စွန့်ပစ်ခံလိုက်ရပြီး ဘောလုံးလောကနဲ့ တစ်နှစ်လောက် ဝေးကွာခဲ့ရပေမယ့် ဒီဂီယာက အခုထိ လက်စွမ်းကောင်းတွေ ပြနေသေးတဲ့အပေါ် အသင်းဖော် ဂူမန်ဆန်က “မန်ချက်စတာ ယူနိုက်တက်က သူ့လို ကစားသမားမျိုးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာက မိုက်မဲပါတယ်။ သူက အံ့သြစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။”

“အရမ်းလည်း နှိမ့်ချတက်တယ်။ သူနဲ့ ကျွန်တော်တို့ အရာအားလုံးကို ပြောဖြစ်ကြသေးတယ်။ အဲ့ဒီအပြင် သူက ပရီးမီးယားလိဂ်မှာ (၁၂)နှစ်ကြာအောင် ကစားခဲ့ပြီး ဆုဖလားတွေ အများကြီး ရရှိခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့ ကစားသမားဘဝထဲ ကျွန်တော် ကစားဖူးသမျှတွေမှာအကောင်းဆုံး ဂိုးသမားဖြစ်ပြီး သူ့နဲ့အတူ ကစားရတာလည်း အံ့သြစရာကောင်းပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားပါတယ်။