ဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချန်ပီယံလိဂ် ချန်ပီယံဟောင်းကြီး ရီးယဲလ် မက်ဒရစ်အသင်းနဲ့ တွေ့ဆုံတော့မှာဖြစ်ပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူရဲ့ ကစားသမားတွေအတွက် အကြံဉာဏ်အချို့ ပေးထားပါတယ်။

ရီးယဲလ် မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ မြို့ခံကလအ် အက်သလက်တီကို မက်ဒရစ်ကို ပင်နယ်တီနဲ့ အနိုင်ရပြီး အနိုင်ယူ ကျော်ဖြတ်ခဲ့သလို ကွာတားဖိုင်နယ်မှာတော့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ နယ်သာလန်ကလပ် PSV အသင်းကို စုစုပေါင်း ၉-၃ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးယဲလ်နဲ့ ထိပ်တိုက် တွေ့ဆုံရတော့မယ့်အချိန် သူ့အသင်းသားတွေအနေနဲ့ ဒီလို ကြီးမားတဲ့ ပွဲမျိုးမှာ အမှားတွေ မလုပ်ဖို့နဲ့ ရီးယဲလ်လို အသင်းမျိုးကို အလွယ်တကူ အခွင့်အရေးတွေ ခွင့်မပြုမိစေဖို့ သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

PSV ကို အနိုင်ရပြီးနောက် အာတီတာက “ကောင်းပြီ။ ပထမဆုံး အရေးကြီးတာက အဲဒီလိုအခါမှာ မင်းအကောင်းဆုံး ဖြစ်နေရမယ်။ နှစ်ပွဲစလုံး မိနစ်တိုင်းမှာ ဘာကိုမှ လက်လွတ်မခံရဘူး။ ဘာလို့ဆို တစ်ခုခုသာ မှားသွားရင် သူတို့က အဲဒါကို အသုံးချသွားမှာ။ ဒီနေ့ ကျွန်တော်တို့ ခွင့်ပြုခဲ့တဲ့ ဂိုးနှစ်ဂိုးမှာလည်း အဲဒါကို တွေ့ခဲ့ရတယ်။”

Photo Credit : Goal

“ဒါက ကြီးမားတဲ့ သင်ခန်းစာပဲ။ ထပ်ပြီး ပြောရရင် ဧရိယာထဲမှာ ဆုံးဖြတ်ချက်ချတဲ့အခါ တကယ့် အရည်အချင်း တကယ့် စွမ်းဆောင်ရည်က အရေးကြီးတယ်။ ပြီးတော့ အိမ်ကွင်းမှာ ကစားခွင့်ရတဲ့အခါ မယုံနိုင်စရာ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ပဲ။ အဲဒါက အဓိကကျတယ်။” လို့ ပြောခဲ့ပါတယ်။ အာတီတာက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ရဲ့ ကွာတားအဆင့်ဆီ တက်ရောက်ဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာကိုလည်း ဖွင့်ဟပြောခဲ့ပါတယ်။

သူက “ဘာကြောင့် အရေးကြီးတာလဲ။ ဘာလို့ဆို ကျွန်တော်တို့ အောင်မြင်ချင်လို့ပါ။ ဒီလို ဖြစ်ဖို့ဆိုရင် အဆင့်တွေကို ဖြတ်ကျော်ရမယ်။ ပြီးတော့ အသင်းက ဒါကို လိုအပ်နေလို့ပါ။ ကျွန်တော်တို့က အကောင်းဆုံးဖြစ်ချင်တဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ချင်တဲ့ ကလပ်အသင်း တစ်သင်းပါ။ ဒါကို လုပ်ဖို့ဆိုရင် အမြဲတမ်း အဲဒီနေရာမှာ ရှိနေရမယ်။ ဒါက အရမ်းခက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်နှစ်ဆက် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ဒါကို ပိုကောင်းအောင် လုပ်နိုင်တဲ့ စွမ်းရည်နဲ့ အရည်အချင်းလည်း ကျွန်တော်တို့မှာ ရှိတယ်။” လို့ ပြောခဲ့ပါတယ်။