မနေ့ညက ပဲရစ်မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်းတို့ ချန်ပီယံလိဂ်ပွဲစဉ်ထဲ ပီအက်စ်ဂျီက တစ်ပွဲလုံး လွှမ်းမိုးနိုင်ခဲ့ပေမယ့် လီဗာပူးလ် ဂိုးသမား အလီဆန် ဘက်ကာရဲ့ လက်စွမ်းပြမှုကြောင့် လုံးဝ ဂိုးမရခဲ့တဲ့အပြင် ပွဲပြီးခါနီးမှ လူစားဝင်လာတဲ့ အဲလီယော့ကပါ ဂိုးသွင်းယူနိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီဘက်က ပွဲစဉ်တောက်လျှောက် ဖိအားပေး ဂိုးကန်သွင်းခွင့် (၂၇)ကြိမ် ဂိုးပေါက်တည့်ကန်ချက် (၁၀)ကြိမ်ထိတောင် လုပ်ဆောင်နိုင်ခဲ့ပြီး ပထမပိုင်းမှာလည်း တောင်ပံကစားသမား ခွာရတ်စကယ်လီယာရဲ့ သွင်းဂိုးကိုပါ VAR မှာ လူကျွံနေတယ်လို့ သတ်မှတ်ခံရကာ ဂိုးကို ပယ်ဖျက်ခံလိုက်ရပါတယ်။
Photo Credit : The Liverpool Offside
တကယ်ဆိုရင် ပီအက်စ်ဂျီက ဒီပွဲမှာ အနိုင်ရဖို့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပေမယ့် အခုလို မထင်မှတ်ဘဲ ရှုံးပွဲတွေ့သွားခဲ့တာက ပီအက်စ်ဂျီအတွက် နစ်နာခဲ့ရပြီး ဒုကျော့ အန်ဖီးလ်မှာ ကစားရမှာကလည်း ခက်ခဲမှုတွေ အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ ကွင်းလယ်လူ ဗီတင်ညာကတော့ “ဒီလိုအသင်းနဲ့ ဒီလိုပွဲမျိုးကို ကစားရတာ ခက်ခဲတယ်။”
“သူတို့က ဂိုးသွင်းယူနိုင်တဲ့ အခွင့်အရေး တစ်ကြိမ် ကန်သွင်းမှု တစ်ကြိမ်သာ ရှိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့က ဘယ်လိုအသင်းမျိုးလဲဆိုတာကို ပြသပါမယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပြသပါမယ်။ ကျွန်တော်တို့ အဲဒီမှာ အနိုင်ရရှိအောင် လုပ်ဆောင်ပါမယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲစဉ်နဲ့အတူ အနိုင်ရရှိမှုက ထိုက်တန်တာထက် ပိုပါတယ်။ ရာသီအစမှာလိုပဲ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းယူဖို့ ပျက်ကွက်ခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Photo Credit : The Rousing Kop
ဒါ့အပြင် ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်ကလည်း “အဲဒီလိုပွဲစဉ်အကြောင်း ပြောဖို့ ခက်ခဲပါတယ်။ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို ယှဉ်ပြိုင်ပြီး ပွဲစဉ်ကို လုံးဝ လွှမ်းမိုးခဲ့ပါတယ်။ အပြုသဘောဆောင်ပြီး စဉ်းစားဖို့နဲ့ မနက်ဖြန်မှာ ပွဲစဉ်ကို ခွဲခြမ်းစိတ်ဖြာရပါမယ်။ ဒါပေမဲ့ အသင်းရဲ့ ခြေစွမ်းကို ကျေနပ်မိပါတယ်။ ဒီရလဒ်ကို ပြန်လည်လှည့်ပြောင်းဖို့ စဉ်းစားရပါမယ်။ အရာတွေကို အဆိုးမြင်ဖို့ အချိန်မဟုတ်ပါဘူး။”
“ကျွန်တော်တို့ လုပ်ခဲ့တာတွေအတ်ွက် ဂုဏ်ယူရမယ့် အချိန်ပါ။ ဒီနေ့မှာ ဘယ်ပြိုင်ဘက်ကိုမဆို ယှဉ်ပြိုင် ကစားနိုင်တယ်ဆိုတာကို ပြသနိုင်တယ်လို့ ထင်ပါတယ်။ လာမယ့်အပတ်တွေမှာ အဲဒီလိုပဲ လုပ်ဆောင်ပါမယ်။ သူတို့ရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသမားပါ။ ကျွန်တော်တို့က လီဗာပူးလ်ထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ သူတို့က အဲဒီပွဲစဉ်ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒါက အရမ်း မတရားပါဘူး။ လီဗာပူးလ်မှာ ကစားရမယ့် ဒုတိယအကျော့ ရှိပါတယ်။ ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။” လို့ပါ ထပ်လောင်း ပြောကြားခဲ့ပါတယ်။