မနေ့ညက ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တဲ့ လီဗာပူးလ် ဂိုးသမား အလီဆန် ဘက်ကာက သူ့ကစားသမားဘဝအတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင်ပီအက်စ်ဂျီဘက်က အတော်လေး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပြီး ဂိုးကန်ချက် စုစုပေါင်း (၂၇)ကြိမ်အထိပါ လုပ်ဆောင်နိုင်ခဲ့သလို ဂိုးပေါက်တည့် ကန်ချက်ပေါင်းကလည်း (၁၀)ကြိမ်အထိတောင် ရှိခဲ့ပါတယ်။ နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ်ကတော့ တစ်ပွဲလုံးမှာ ဂိုးကန်ချက်က (၂)ကြိမ်တည်းသာ ရှိခဲ့ရပါတယ်။

Photo Credit : talkSPORT

ဒီပွဲမှာ လီဗာပူးလ်အတွက် နိုင်ပွဲရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ခဲ့သူက ဂိုးသမား အလီဆန်သာဖြစ်ပြီး ဂိုးကာကွယ်မှုပေါင်း (၉)ကြိမ်အထိတောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ “ဒါက ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့မယ်ထင်တယ်။ နည်းပြက ကျွန်တော်တို့ကို ပီအက်စ်ဂျီနဲ့ ကစားရတာ ဘယ်လောက်ခက်ခဲမလဲ သူတို့ ဘောလုံးနဲ့ ဘယ်လောက်ကောင်းလဲ ဒုက္ခခံဖို့ အသင့်ရှိရမယ်လို့ ပြောခဲ့တယ်။”

“ဘာတွေ ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့ သိထားခဲ့တယ်။ ကျွန်တော်တို့ အရမ်းကြိုးစားခဲ့တယ်။ အခွင့်အရေးတွေ အများကြီး ပေးခဲ့မိတယ်။ အသင်းရဲ့ အားထုတ်မှုအားလုံးက ကျွန်တော့်အလုပ်ကို ပိုလွယ်ကူစေတယ်။ ပြီးတော့ နောက်ဆုံးမှာ ဟာဗီ ဝင်လာပြီး ဂိုးသွင်းတာဟာ ကျွန်တော်တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သွားခဲ့တယ်။ အံ့သြစရာ ညတစ်ညပါပဲ” လို့ အလီဆန်က ပြောခဲ့ပါတယ်။

Photo Credit : The New York Times

ဂိုးသမားဟောင်း ဂန္ထဝင် ပီတာ ရှမိုက်ကယ်ကလည်း အလီဆန်ရဲ့ လက်စွမ်းတွေနဲ့ ပတ်သက်ပြီး “ဒါဟာ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ အကောင်းဆုံး ဂိုးသမား စွမ်းဆောင်ရည်တွေထဲက တစ်ခုလို့ ထင်တယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါကို စလော့က သဘောတူပြီး “ကျွန်တော် နည်းပြအဖြစ် ကစားသမားကောင်းတွေ အများကြီး ရခဲ့ဖူးပေမယ့် အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကို မရခဲ့ဖူးပါဘူး။”

“သူက ဒီနေ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်တယ်ဆိုတာကို ပြသခဲ့တယ်။ ဒီမှာ အဝေးကွင်း အနိုင်ရတာက ကျွန်တော်တို့ ထိုက်တန်တာထက် နည်းနည်းပိုတယ်လို့ ထင်တယ်။ ကျွန်တော်တို့က ကံကောင်းတဲ့သူတွေပါ။ ဒါက လူတိုင်းအတွက် ရှင်းပါတယ်။ သူတို့က ဒီပွဲမှာ အများကြီး သာလွန်တဲ့ အသင်းဖြစ်ခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာ သူတို့က အခွင့်အရေးကြီးတွေ (၃)ကြိမ် (၄)ကြိမ်လောက် ရခဲ့တယ်။” လို့ပါ ပြောဆိုခဲ့ပါတယ်။