ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂိုးသမား သီဘော ကော်တွိုက်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းသာ သူတို့ ရီးယဲလ်အသင်းမှာ ကစားမယ်ဆိုရင် ဂိုးတွေ အများကြီး သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ ကစားနေချိန်ကတည်းက ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အမြဲ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်သွားချိန်မှာတောင် ကောလဟာလတွေက ထွက်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ဟာလန်းက မန်စီးတီးနဲ့ နှစ်ရှည် စာချုပ်ချုပ်ခဲ့သလို ရီးယဲလ်ကလည်း ဟာလန်းလို အရည်အသွေးမျိုးရှိတဲ့ ကီလီယန် အမ်ဘာပေကို ဒီနွေမှာပဲ ခေါ်ယူခဲ့ပါတယ်။
Photo Credit : Goal
ဘာပေနဲ့ ဟာလန်းတို့ဟာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ဘောလုံးလောကရဲ့ GOAT ကြီးတွေရဲ့ ခြေရာကို နင်းနိုင်မယ့် ကစားသမားတွေလို သတ်မှတ်ခံထားရသလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီကစားသမားနှစ်ဦးက ထိပ်တိုက် တွေ့ဆုံခဲ့ရင်း ခြေစွမ်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။
တိုက်စစ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ကော်တွိုက်က ရီယို ဖာဒီနန်နဲ့ podcast မှာ ပြောဆိုခဲ့ရာ ဖာဒီနန်က “ဘန်ဇီမာဆီက အဲဒီလိုမျိုး မျှော်လင့်ထားလား။ ခရစ္စတီယာနို ရှိနေတုန်းက သူက စူပါစတားလို ဖြစ်နေတော့ ဘန်ဇီမာက သူ့ကို ကူညီပေးနေရသလို ဖြစ်နေတာ” မေးလာခဲ့ရာ ကော်တွိုက်က “ဟုတ်ပါတယ်။ ခရစ္စတီယာနိုက ဂိုးတွေ အများကြီး သွင်းခဲ့တာလေ။”
Photo Credit : Madrid-Barcelona
“သူထွက်သွားတော့ တခြားလူတွေက အဲဒီဂိုးတွေကို သွင်းလာကြတာပေါ့။ သင့်တော်တဲ့ နေရာမှာ ရှိနေရင် ဟာလန်းလို တိုက်စစ်မှူးက ကျွန်တော်တို့အသင်းမှာ ဂိုးတွေ အများကြီး သွင်းနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းက အရမ်းကို တိုက်စစ်ဆန်နေလို့ပါ။ ဟာလန်းက ဂိုးသွင်းဖို့ အကောင်းဆုံး နေရာကို ယူတတ်တဲ့ တိုက်စစ်မှူးမျိုးပါ။”
“ကျွန်တော်တို့မှာ အဲဒီနေရာကို ရောက်အောင် ပို့ပေးနိုင်တဲ့ အရည်အသွေး အလုံအလောက်ရှိပါတယ်။ ဂိုးဧရိယာထဲမှာဆိုရင် ကျွန်တော်တို့ ဖြတ်တင်ဘောတွေ အများကြီး ရှိပါတယ်။” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။ ဟာလန်းဟာ အီတီဟတ်မှာ ရီးယဲလ်နဲ့ ကစားခဲ့တဲ့ ရှုံးထွက် ပလေးအော့ ပကျော့မှာ (၂)ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒုကျော့မှာတော့ ကြံခိုင်မှု မပြည့်ဝလို့ ပွဲကစားခွင့် မရခဲ့ဘဲ အရန်ခုံမှာသာ ရှိနေခဲ့ရပါတယ်။