မန်ချက်စတာ စီးတီးအသင်း နည်းပြကြီး ပပ် ဂွါဒီယိုလာက ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို အနိုင်ရယူနိုင်ဖို့အတွက် သူတို့အသင်းဘက်ကနေ ပြီးပြည့်စုံအောင် ကစားရဖို့ လိုအပ်တယ်လို့ ပွဲမတိုင်ခင် ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်မြေ မန်ချက်စတာက အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးက အာလင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးအထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခြင်း မရှိဘဲ ဒီးယက်ဇ်ရဲ့ ချေပဂိုးနဲ့ ဘယ်လင်ဟမ်ရဲ့ ဦးဆောင်ဂိုးတို့ကို ခွင့်ပြုခဲ့ကာ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဒီရှုံးပွဲကြောင့် မန်စီးတီးဟာ ဘာနေဗျူးကွင်းမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ထဲ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ရသလို ဂွါဒီယိုလာကိုယ်တိုင်ကလည်း သူတို့အနေနဲ့ ရီးယဲလ်ကို အနိုင်ယူပြီး (၁၆)သင်းအဆင့်ဆီ တက်လှမ်းနိုင်ဖို့ဆိုတာ အခွင့်အရေး (၁)% လောက်သာ ရှိတယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။

အခုလည်း ဂွါဒီယိုလာက “ပြီးပြည့်စုံနီးပါး ပွဲကောင်းတစ်ပွဲ ကစားရပါမယ်။ ပြီးပြည့်စုံနီးပါး ပွဲကောင်းတစ်ပွဲ ကစားရပါမယ်။ ပထမအကျော့ ရလဒ်က မကောင်းခဲ့ဘူး။ တိုက်ခိုက်ရမယ်။ ဂိုးတွေသွင်းရမယ်။ ရဲရဲဝံ့ဝံ့နဲ့ ကစားရမယ်။ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်နေရမယ်။ ပွဲကိုအနိုင်ရအောင် ကစားရမယ်။ ဖိအားက ရှိနေတယ်။ ဒါပေမယ့် ဒါကို ကြိုဆိုပါတယ်။”

Photo Credit : Manchester City FC

“ဒီအဆင့်မှာ ဖိအားက ရှိနေတယ်၊ ဒါပေမယ့် ဒါကို ကြိုဆိုပါတယ်။ ဖိအားမရှိရင် ကောင်းကောင်းမကစားနိုင်ပါဘူး။ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဘယ်လိုကစားမလဲ၊ ဘယ်လိုကိုင်တွယ်မလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ဒီကွင်းတွေမှာ အရေးကြီးတဲ့အချိန်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပေါ်မှာ မူတည်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

တကယ်လို့ မန်စီးတီးသာ ပထမအကျော့ရလဒ်ကို အလှည့်အပြောင်း မလုပ်ဆောင်နိုင်ခဲ့ဘဲ ပြိုင်ပွဲကနေ ထွက်ခွာရမယ်ဆိုရင်တော့ ၂၀၁၂-၁၃ ခုနှစ်မှာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အစောဆုံး ထွက်ခွာရခြင်းပါ ဖြစ်သွားနိုင်သလို ဒီရာသီအတွက် ဆုဖလားတစ်လုံးကိုပါ လက်လွတ်ရတော့မှာပဲ ဖြစ်ပါတယ်။