လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံကစားသမားကြီး ဗာဂျယ်လ် ဗန်ဒိုက်ဟာ လီဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုမှု မပြုလုပ်ခဲ့ဘူးဆိုရင်တော့ လာမယ့်နွေမှာ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားနိုင်ချေ ရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမားကြီး ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ရောက်နေခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ လက်ရှိအထိ လီဗာပူးလ် ခံစစ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီရာသီမှာ အသင်းကို ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ ရှိနေအောင် စွမ်းဆောင်ပေးထားခဲ့တဲ့ ဗန်ဒိုက်ဟာ လက်ရှိမှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက လပိုင်းသာ ကျန်ရှိနေတော့ပြီး ဒါကို အသင်းဘက်ကနေ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် အခုထိတော့ စာချုပ်ကိစ္စ ထူးခြားခြင်း မရှိသေးဘဲ ဖြစ်နေရပါတယ်။

ဒီလို စာချုပ်အခြေအနေမျိုး ရှိနေတဲ့ ဗန်ဒိုက်ကို ဘာစီလိုနာ အပါဝင် ရီးယဲလ် မက်ဒရစ်၊ ဂျုဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြပြီး လီဗာပူးလ်နဲ့ ဗန်ဒိုက်တို့ရဲ့ စာချုပ်အခြေအနေကိုလည်း စောင့်ကြည့်နေကြပါတယ်။ ဒီထဲကမှ ဘာစီလိုနာက ဗန်ဒိုက်ကို စိတ်အဝင်စားဆုံး ဖြစ်နေပြီး နည်းပြဖလစ်ခ်လက်ထက်မှာ အသုံးမဝင် ဖြစ်နေတဲ့ ခရစ္စတန်ဆန် နေရာအတွက် ဗန်ဒိုက်နဲ့ အစားထိုးသွားချင်နေပါတယ်။

Photo Credit : This is Anfield

ချယ်လ်ဆီးကနေ အလွတ်နဲ့ ခေါ်ယူထားတဲ့ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ဟာ ဒီဈေးကွက်မှာကတည်းက အသင်းကနေ ရောင်းထုတ်ခံရဖို့ နီးစပ်ခဲ့သူဖြစ်ပြီး လာမယ့်နွေမှာလည်း ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒီအခြေအနေမှာ ဘာစီလိုနာက လေဗာကူဆင်နဲ့ စာချုပ်ပြည့်တော့မယ့် ဂျိုနသန် တာအပြင် ဗန်ဒိုက်ပါ ချိန်ရွယ်လာခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုကတော့ ဗန်ဒိုက်ထက် အသက်အရွယ် ပိုငယ်ရွယ်တဲ့ ဂျိုနသန် တာကိုသာ ပိုမို အလိုရှိနေပြီး တာကိုလည်း လေဗာကူဆင်ကနေ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုတင် သဘောတူညီမှုတောင် ရယူထားတယ်လို့ သတင်းထွက်နေသလို တာကိုယ်တိုင်ကလည်း ဘာစီလိုနာဆီ ပြောင်းချင်နေပါတယ်။