လီဗာပူးလ်အသင်းကတော့ လာမယ့်နွေမှာ အသင်းခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ခေါ်ယူချင်နေတဲ့ နောက်ခံကစားသမားစာရင်းထဲ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နယ်သာလန် ခံစစ်ကစားသမား မစ်ကီ ဗန်ဒီဗန်ပါ ပါဝင်နေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှာ အဓိက ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဗာဂျယ်လ် ဗန်ဒိုက်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်လို့ သက်တမ်းတိုးဖို့ ကြိုးပမ်းနေသလို အီဘရာဟီမာ ကိုနာတေးကလည်း လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပြန်ပါတယ်။

Photo Credit : Premier League

ဒီအခြေအနေကြောင့် လီဗာပူးလ်က နွေမှာ ခံစစ်ပိုင်းကို အားဖြည့်သွားဖို့ စီစဉ်နေတာဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်က မာ့ခ် ဂူဟီအပြင် စပါးအသင်းက နယ်သာလန် လက်ရွေးစင် ခံစစ်ကစားသမား ဗန်ဒီဗန်ကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။ အသက်(၂၃)နှစ်အရွယ် ဗန်ဒီဗန်ဟာ ၂၀၂၃နွေမှာ ဝုလ်ဖ်ဘတ်ကနေမှ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အရပ်အမောင်းလည်း မြင့်မားပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားတဲ့ ဗန်ဒီဗန်ဟာ သူရဲ့ ခန္ဓာကိုယ်နဲ့ မလိုက်အောင်ကို အပြေးသန်တဲ့ ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး ပထမဆုံး စပါးကစားသမားဘဝမှာပဲ Tottenham’s Player of the Season ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ရပါတယ်။

Photo Credit : Tottenham Hotspur News

ဒီလို စွမ်းဆောင်မှုမျိုးတွေ ပြသထားတဲ့ ဗန်ဒီဗန်ကို သူနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ နည်းပြ အာနယ် ဆလော့က လီဗာပူးလ်အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ဗန်ဒိုက် ဒါမှမဟုတ် ကိုနာတေးတို့ထဲက တစ်ဦးဦးကိုသာ လက်လွတ်ရမယ်ဆိုရင် ဗန်ဒီဗန်ကို ခေါ်ယူသွားဖို့ အသေအချာ ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးလ် အလိုရှိနေတဲ့ ဂူဟီနဲ့ ဗန်ဒီဗန်တို့ရဲ့ တန်ကြေးတွေက အလွန်မြင့်မားဖွယ် ရှိနေကြပြီး ဒီထဲကမှ ဗန်ဒီဗန်ဆိုရင် သူရဲ့ လက်ရှိအသက်အရွယ် စပါးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းတွေအရ တန်ကြေးက လက်ရှိတန်ကြေးကိုထက် ပိုမို မြင့်မားနိုင်သလို စပါးဘက်ကလည်း အသင်းကနေ ရောင်းထုတ်သွားချင်မှာ မဟုတ်တဲ့အတွက် ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်။