အင်္ဂလန် ကစားသမားဟောင်း ဂျိုးကိုးက လက်စတာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်အတွက် ခြေစွမ်းပြ ကစားသွားခဲ့တဲ့ တောင်ပံကစားသမားလေး အီသန် ဝမ်နရီရဲ့ ကစားပုံကို အာဂျင်တီးနား ကြယ်ပွင့်ကစားသမားကြီး လီယွန်နယ် မက်ဆီနဲ့ပါ ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။

အသက်(၁၇)နှစ်အရွယ် အာဆင်နယ် အကယ်ဒမီထွက် ကစားသမားလေး ဝမ်နရီဟာ အခုဆိုရင် အာဆင်နယ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေသလို လက်ရှိ အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေချိန်မှာလည်း ဝမ်နရီက အသင်းအတွက် ကစားခွင့်တွေ ပိုမို ရရှိနေကာ ခြေစွမ်းလည်း ပြသနေနိုင်ပါတယ်။

Photo Credit : Goal

ဆာကာ ဟာဗက်ဇ် မာတင်နယ်လီ ဂျေဇူးတို့ ဒဏ်ရာတွေ အသီးသီး ရရှိနေချိန် အာဆင်နယ် တိုက်စစ်အတွက် ထရောဆာ့ဒ် စတားလင်းနဲ့ ဝမ်နရီတို့သာ ကစားနိုင်တော့တာဖြစ်လို့ လက်စတာနဲ့ပွဲမှာလည်း ဒီကစားသမားတွေသာ အသုံးပြုခဲ့ရပြီး ဒီထဲကမှ စတားလင်းက ခြေစွမ်းပြနိုင်ဖို့ အရုန်းကန်ရဆုံး ဖြစ်နေခဲ့ရပါတယ်။

ဒီပွဲမှာ ဝမ်နရီက ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပြီး ပွဲအပြီး TNT Sports ရုပ်သံရဲ့ တင်ဆက်သူတွေဖြစ်တဲ့ ဂျိုးကိုးနဲ့ မာတင် ကီအွန်တို့က ဒီကစားသမားလေးအကြောင်းတွေကို ပြောဆိုလာခဲ့ပါတယ်။ ဝမ်နရီနဲ့ ပတ်သက်ပြီး ကီအွန်က “ဒီလူငယ်လေးက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ လိုင်းတွေကနေ ဝင်လာတဲ့အခါ သူက အရမ်းယုံကြည်မှုရှိတယ်။”

Photo Credit : Just Arsenal

“သူက ဘောလုံးကိုင်ပြီး ရွေ့လျားနေချိန်မှာ သူက ရဲရဲဝံ့ဝံ့ ကစားပါတယ်။ သူက အရမ်းစိတ်ချရတယ်။ ဒီလောက်ငယ်ရွယ်တဲ့ လူငယ်လေးအတွက် သူက ဝင်လာပြီး မှန်ကန်တဲ့ ပေးပို့မှု ပြုလုပ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှုက အတန်းအစားတစ်ခုပါ။” လို့ ပြောဆိုခဲ့သလို ဂျိုးကိုးကလည်း “ဟုတ်တယ်၊ ဆုံးဖြတ်ချက်ချမှတ်မှုပါ။ သူက ဘယ်ခြေ၊ ညာခြေ နှစ်ဖက်လုံး သန်မာတဲ့ ကောင်လေးပါ။ ဒါကို ဘယ်လိုမှ မမှတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက နှစ်ဖက်စလုံးကို သွားနိုင်လို့ပါ။”

“သူထုတ်လုပ်တဲ့ ဒီထိတွေ့မှုတွေ၊ ဘောက်စ်အတွင်းနဲ့ အနီးတစ်ဝိုက်မှာ၊ သေးငယ်တဲ့ ထိတွေ့မှုလေးတွေ ဒါကို ကျွန်တော် မပြောချင်ပါဘူး၊ ဒါပေမယ့် မက်ဆီနဲ့ တူပါတယ်။ ကျွန်တော် ပြောလိုက်မိပြီ။ ဒီကောင်လေးရဲ့ ပခုံးပေါ်မှာ ဖိအားတွေ ပိုမတင်ချင်ပါဘူး။ ဒါကို သူ ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် နောက်ခြေကနေ ဘောလုံးကို လက်ခံရရှိချိန်မှာ သူပြုလုပ်တဲ့ ထိတွေ့မှုတွေ၊ ခံစစ်ကစားသမားကို ဆွဲဆောင်ပြီး ခြေချောင်းထိပ်ကနေ အနည်းငယ်ထိတွေ့ပြီး ဟန်ချက်ပျက်သွားအောင် လုပ်လိုက်တာ အရမ်းလှပတယ်။” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။