မနေ့ညက ကင်းပါဝါမှာ ကစားသွားခဲ့တဲ့ လက်စတာနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ထဲ ဒုတိယပိုင်းမှာ လူစားဝင်လာပြီး အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တဲ့ မီခယ်လ် မော်ရီနိုက သူရဲ့ အနိုင်ဂိုးတွေဟာ ချစ်သူများနေ့မှာ လက်ဆောင်မရလိုက်တဲ့ သူ့ဇနီးသည်အတွက် ရည်ရွယ်တဲ့ လက်ဆောင်တွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်မှာ ဂျေဇူး ဟာဗက်ဇ် ဆာကာ မာတင်နယ်လီတို့လို တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေလို့ လက်စတာနဲ့ပွဲအတွက် အာဆင်နယ်က စတားလင်း ထရောဆာ့ဒ် နွမ်နရီတို့သာ အသုံးပြုလာခဲ့ရပြီး စတားလင်းက လက်စတာလို ဒီရာသီထဲ အခြေအနေ တော်တော်ဆိုးနေတဲ့ ခံစစ်ပိုင်းကို မထိုးဖောက်နိုင်လို့ ဒုတိယပိုင်းထဲ မယ်ရီနိုနဲ့ လူစားလဲခံရပါတယ်။

Photo Credit : Goal

ကွင်းလယ်လူ မယ်ရီနိုက သူ့နေရာမှာ မဟုတ်တဲ့ အထောင်တိုက်စစ်နေရာကို ဝင်ကစားရင်း နွမ်နရီရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက် ဂိုးသွင်းယူခဲ့သလို ထရောဆာ့ဒ်ရဲ့ ပေးပို့မှုကနေလည်း ပွဲသိမ်းအနိုင်ဂိုးကို အသာအယာ သွင်းယူရင်း အာဆင်နယ်အတွက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူး အစီအစဉ်မှာတော့ အနိုင်ဂိုးရှင် မယ်ရီနိုက “ဂိုးသွင်းဖို့အတွက် ဒီနေ့က ကောင်းတဲ့နေ့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဇနီးကို ချစ်သူများနေ့မှာ လက်ဆောင်ပေးဖို့ မေ့သွားခဲ့လို့ပါ။ ဒါကြောင့် ဒါက သူ့အတွက်ပါ။ နှင်းဆီပန်းတစ်ပွင့်ထက် ဒါကို သူ ပိုတန်ဖိုးထားလိမ့်မယ်လို့ ထင်ပါတယ်။”

Photo Credit : Goal

“ဒီမနက် အသင်းက လက်ထောက်တစ်ယောက်နဲ့ တိုက်စစ်မှာ ကစားရမယ့်အကြောင်းကို အနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒါဟာ အံ့အားသင့်စရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အဲဒီနေရာမှာ ကစားဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ သူက ကျွန်တော့်ရဲ့ အားသာချက်တွေကို သေချာသုံးဖို့ ပြောပါတယ်။ ကျွန်တော် အဲဒါကို ပြသနိုင်ခဲ့တယ်လို့ထင်ပြီး ကံကောင်းစွာနဲ့ ဒီနေ့မှာ (၂)ဂိုးနဲ့ အသင်းကို ကူညီနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ဒဏ်ရာရနေကြတဲ့ တိုက်စစ်ကစားသမားတွေထဲကမှ ဆာကာသာ အနီးစပ်ဆုံး ပြန်လာနိုင်ချေ ရှိနေပေမယ့်လည်း အခုထိ ဘယ်ပွဲမှ ပြန်ပါနိုင်မလဲဆိုတာ မသိသေးတဲ့အတွက် မယ်ရီနိုအနေနဲ့ လာမယ့် ပွဲစဉ်အနည်းငယ်အတွင်း တိုက်စစ်ကစားသမားအဖြစ်နဲ့သာ ဆက်လက် ကစားသွားရဖွယ် ရှိနေရပါတယ်။