ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ ကိုရင်သီယန်နဲ့ ဆန်းတို့စ်တို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘရာဇီးလ် အမှတ်ပေးလိဂ်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ရပြီးနောက် ပွဲအတွင်းမှာ အသုံးပြုသွားခဲ့တဲ့ ဘောလုံးနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် သူရဲ့ boyhood ကလပ်အသင်းဖြစ်တဲ့ ဆန်းတို့စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး ကာလတိုစာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကစားသမားဟောင်း နေမာက သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ဆန်းတို့စ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး နေမာကလည်း ဆန်းတို့စ်မှာ အတော်လေး တောက်ပခဲ့ရာကနေ ဥရောပ ဘောလုံးအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့ရာကနေ နောက်ဆုံး ဘာစီလိုနာအသင်းဆီ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

နေမာက ၂၀၁၃ခုနှစ်မှာပဲ ဆန်းတို့စ်ကနေ ထွက်ခွာခဲ့ပြီး (၁၂)နှစ်အကြာမှ အသင်းဟောင်းဆီ တစ်ကျော့ပြန် ရောက်လာခဲ့ကာ ဆန်းတို့စ်ဘက်ကနေလည်း သူတို့ရဲ့ ကစားသမားဟောင်းကြီး နေမာကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ပေမယ့် နေမာကတော့ သူရဲ့ ကြံခိုင်မှု မပြည့်ဝသေးတာကြောင့် အသင်းအတွက် ပွဲချိန်ပြည့် မကစားနိုင်သေးသလို သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း မလုပ်ဆောင်နိုင်သေးပါဘူး။

Photo Credit : Goal

ပိုဆိုးတာက ဆန်းတို့စ်အတွက် နေမာ ပါဝင်ကစားထားတဲ့ (၃)ပွဲလုံးမှာ နိုင်ပွဲလုံးဝမရသေးဘဲ (၃)ပွဲမြောက်ပွဲဖြစ်တဲ့ ကိုရင်သီယန်နဲ့ ပွဲမှာဆိုရင် ရှုံးပွဲပါ တွေ့သွားခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး နေမာက “အစကတည်းက Penalty(ဘောလုံးတံဆိပ်နာမည်)ကို လေးစားစွာနဲ့ ပြောရရင် သူတို့ဟာ ဒီဘောလုံးကို နည်းနည်းလေး ပိုကောင်းအောင် လုပ်ဖို့လိုတယ်။”

“အရင်နေ့က ဖလာမင်ဂိုနည်းပြ ဖီလစ်ပီက ပြောခဲ့တယ်။ ကျွန်တော်လည်း သဘောတူတယ်။ ဒီဘောလုံးက တကယ်ကို မကောင်းဘူး၊ ကျွန်တော်တို့ ချန်ပီယံရှစ်အတွက်လည်း ပိုကောင်းအောင် လုပ်ဖို့လိုတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။