အာဆင်နယ်အသင်းရဲ့ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်ဟာ ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ တံကောက်ကြောကြွက်သား ဆုတ်သွားတာကြောင့် ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်ရတော့မယ်လို့ The Athletic က သတင်းထုတ်ပြန်ခဲ့ပါတယ်။

The Athletic ရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနေ့မှာ ဟာဗက်ဇ်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဒဏ်ရာ အတိမ်အနက်နဲ့ ပတ်သက်ပြီး စစ်ဆေးခံရတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ် ဂျာမနီ လက်ရွေးစင်ဟာ အခု ဒဏ်ရာပြသာနာအတွက် ခွဲစိတ်မှု ခံယူရမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လာမယ့်ရာသီမှသာ ပြန်ကစားနိုင်ဖွယ်သာ ရှိနေရပါတယ်။

Photo Credit : Goal

အခုလို ဟာဗက်ဇ် ဒဏ်ရာရသွားခြင်းက အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းမှာ ပိုပြီးတော့ ဆိုးရွှားသွားစေရပါတယ်။ တောင်ပံကစားသမား ဘူကာယို ဆာကာက အသင်းနဲ့အတူ ဒူဘိုင်းကို ခရီးထွက်ခဲ့ပေမယ့် ဒီဇင်ဘာတုန်းက ပေါင်ဒဏ်ရာ ခွဲစိတ်မှု ခံယူထားရပြီးနောက် မတ်လအထိ အနားယူရနိုင်သလို ဂျေဇူးကလည်း ACL ဒဏ်ရာကြောင့် အချိန်အတန်ကြာ အနားယူရပါဦးမယ်။

ဒါ့အပြင် မာတင်နယ်လီကလည်း နယူးကာဆယ်နဲ့ လိဂ်ဖလားပွဲမှာ တံကောက်ကြော ထိသွားခဲ့တာကြောင့် တစ်လလောက်အထိ နားရနိုင်တာက အာဆင်နယ် တိုက်စစ်ပိုင်းအတွက်တော့ အတော်လေး ခေါင်းခြောက်စရာ ဖြစ်သွားရပါတယ်။ ဟာဗက်ဇ်လို ဒီရာသီမှာ အာဆင်နယ်အတွက် (၃၄)ပွဲကစား (၁၅)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်တဲ့ ကစားသမား ဒဏ်ရာရသွားဟာလည်း ထိုးနှက်ချက် ဖြစ်စေရပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ တက်တက်ကြွကြွ ရှာဖွေနေခဲ့ပေမယ့် ဘယ်ကစားသမားကိုမှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ မြောက်လန်ဒန်ကလပ်ဟာ အက်စတွန် ဗီလာရဲ့ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်ကို ကမ်းလှမ်းခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ဘဲ နွေရာသီ အပြောင်းအရွှေ့အတွက်သာ ရေရှည်ပစ်မှတ်တွေပေါ်မှာ အာရုံစိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေတွေကြောင့် တိုက်စစ်မှာ ရွေးချယ်စရာ ကစားသမားဆိုလို့ ထရော့ဆာဒ် နွန်နရီနဲ့ စတားလင်းတို့သာ ရှိနေတော့ပြီး လာမယ့်စနေနေ့ လက်စတာနဲ့ပွဲအတွက်ကိုတော့ တိုက်စစ်အခင်းအကျင်းအတွက် ခေါင်းခဲရဖွယ် ရှိနေပါတယ်။