ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် ဟင်းနရစ်က လက်ရှိ အသင်းမှာ ခြေစွမ်းပြပြီး တောက်လျှောက် ဂိုးမြူးနေတဲ့ အူစမန် ဒမ်ဘီလီကို ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့သလို သူဂိမ်းကစားရင်လည်း ဒမ်ဘီလီလို ပွဲအလှည့်အပြောင်း လုပ်ပေးနိုင်မယ့်သူကို ထည့်ကစားမှာလို့ပါ ပြောဆိုလိုက်ပါတယ်။
ပီအက်စ်ဂျ်ီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ မက်ဆီ နေမာနဲ့ ဘာပေတို့လို တကယ့် ဒိတ်ဒိတ်ကြဲ တိုက်စစ်ကစားသမားကောင်းတွေ မရှိတော့ချိန် အသင်းတိုက်စစ်မှာ ပြင်သစ် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီက အဓိကအကျဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Eurosport
အသက်(၂၇)နှစ် ညာတောင်ပံကစားသမား ဒမ်ဘီလီဟာ ၂၀၂၃ နွေကတည်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၄၂)ပွဲ ကစားထားချိန်မှာတောင် သူ့သွင်းဂိုးက (၆)ဂိုးတည်းသာ ရှိခဲ့တဲ့အထိ အားမရစရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုရာသီမှာတော့ ဒမ်ဘီလီက (၂၈)ပွဲကစား (၂၃)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့သလို သူပါဝင်ကစားခဲ့တဲ့ (၆)ပွဲဆက်တိုက်အထိ ဂိုးမြူးနေခဲ့သလို အဲ့ဒီ(၆)ပွဲမှာလည်း (၁၂)ဂိုးတောင် သွင်းယူထားနိုင်ပါတယ်။ ဒီလို စွမ်းဆောင်နေနိုင်တဲ့ ဒမ်ဘီလီနဲ့ ပတ်သက်ပြီး နည်းပြဟင်းနရစ်က “ခရစ္စမတ်မှာ သူဘာစားခဲ့လဲဆိုတာ သူ့ကိုမေးရမှာပေါ့။ သူက ယုံကြည်မှုအပြည့်နဲ့ ကစားသမားတစ်ယောက်ပါ။”
Photo Credit : French Football Weekly
“ငယ်ငယ်တုန်းက PlayStation ကစားခဲ့တုန်းမှာ ကစားပွဲကို ပြောင်းလဲဖို့လိုတဲ့အခါမျိုးမှာ ရွေးချယ်ရမယ့် ကစားသမားမျိုးပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း သူကောင်းခဲ့ပြီးတော့ ၂၀၂၅ခုနှစ်မှာဆို ပိုကောင်းလာတယ်။ သူ့အသင်းဖော်တွေက သူ့ကိုရှာပြီး သူ့ကိုတွေ့နေတာကို မြင်နိုင်တယ်။ သူ့မှာ ထူးခြားတဲ့ သဘောထားရှိတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဘရက်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့် ပထမအကျော့ပွဲစဉ်မှာလည်း ပီအက်စ်ဂျီအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီကလည်း (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့က သေချာသလောက် ဖြစ်သွားခဲ့ပြီး ဒုကျော့ပွဲကိုလည်း သက်တောင့်သက်သာနဲ့ ကစားသွားရပါတော့မယ်။