မနေ့ညက အီတီဟတ်မှာ ကစားသွားခဲ့တဲ့ မန်စီးတီးနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးက မိနစ်(၈၀)အထိ (၂)ဂိုး (၁)ဂိုးနဲ့ ဦးဆောင်ထားရင်းကနေ အနိုင်ရလဒ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ ပွဲအပြီး (၂)ဂိုး (၃)ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။
တကယ်တော့ ဒီပွဲမှာ ရီးယဲလ်ဘက်က အဓိက ခံစစ်ကစားသမားတွေ မပါဝင်နိုင်ခဲ့လို့ ရှိတဲ့ ကစားသမားတွေနဲ့ အသုံးပြုခဲ့ရပြီး မန်စီးတီးကတော့ ဒီနေ့ပွဲမှာ ပိုအလုပ်ဖြစ်နေတဲ့ ဂရီးလစ်ရှ် အကန်ဂျီ အကီတို့ ဒဏ်ရာရသွားခဲ့လို့ ကစားသမား အပြောင်းအလဲ လုပ်လိုက်ရတာက အသင်းအတွက် ထိခိုက်မှုတွေ ရှိစေခဲ့ရပါတယ်။
Photo Credit : Goal
ပွဲအစပိုင်းမှာ ဟာလန်းက ဦးဆောင်ဂိုးသွင်းပြီး ဒုတိယပိုင်းမှာတော့ ဘာပေ ပြန်ချေပခဲ့ပေမယ့် ပွဲပြီးခါနီး ဖိုဒန်ကို စီဘယ်လော့ ပြစ်ဒဏ်ကျူးလွန်းရာကနေ ဟာလန်းကပဲ ပင်နယ်တီသွင်းယူရင်း ထပ်မံ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီရလဒ်ကို စီးတီးတို့ မထိန်းနိုင်ခဲ့ဘဲ စီးတီးကစားသမားဟောင်း ဒီးယက်ဇ်က ချေပဂိုးနဲ့ ဘယ်လင်ဟမ်က နာကျင်အချိန်ပိုမှာ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့ပါတယ်။
မန်စီးတီးက အခုပွဲမှာ ပွဲပြီးခါနီး ဦးဆောင်ထားနေရချိန် ခံစစ်ပိုင်းက အမှားတွေကြောင့် (၆)မိနစ်အတွင်း (၂)ဂိုးပေးသွားခဲ့ရရင်း အိမ်ကွင်းမှာ ရလဒ်ဆိုးသွားခဲ့ပါတယ်။ ဒီပွဲအပေါ် အင်္ဂလန် ကစားသမားဟောင်းကြီး ဝိန်း ရွန်နီက “ကျွန်တော့်အထင်တော့ မန်ချက်စတာ စီးတီးမှာ အထူးသဖြင့် ပွဲရဲ့ နောက်ပိုင်းမှာ နားလည်မှု လွဲမှားတဲ့အရာတွေ အများကြီးရှိခဲ့တယ်”
Photo Credit : Sports View
“ကျွန်တော့်အတွက်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မန်စီးတီး ကစားသမားတွေဆီမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ယုံကြည်စိတ်ချမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီညမှာ ကစားသမားတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု မရှိသလောက် ဖြစ်နေပါတယ်။ ဒါဟာ ဂွါဒီယိုလာအတွက် စိုးရိမ်စရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။”
“ရီးယဲလ် မက်ဒရစ်က အဓိက နောက်ခံလူ လေးယောက်ထဲက ဘယ်သူ့ကိုမှ မပါဝင်ဘဲ ဒီကိုလာခဲ့တာပါ။ ကားလို့ အန်ဆယ်လော့တီက အဲဒီအကြောင်းကို တစ်ခါမှတောင် မပြောသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။