၂၀၂၄ ဘာလွန်းဒေါဆုနဲ့ ပတ်သက်ပြီး ရီးယဲလ် မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ကြား အသင်းနှစ်ရဲ့ ပရိသတ်တွေကြားမှာ တင်းမာမှုတွေ ရှိနေခဲ့ရင်း ဒီနှစ်သင်းက ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် တွေ့ဆုံခဲ့ရာ စိတ်ဓါတ် စစ်ဆင်ရေးတွေ ရှိလာခဲ့ပါတယ်။
တကယ်တော့ ၂၀၂၄ ဘာလွန်းဒေါဆုကို ရီးယဲလ်ကြယ်ပွင့် ဗင်နီစီယပ်စ် ရရှိလိမ့်မယ်လို့ ရေပန်းစားရာကဆေုမရလိုက်ဘဲ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကသာ ဒီဆုကို ဆွတ်ခူးခဲ့သလို ရီးယဲလ်တစ်သင်းလုံးက ဒီဆုပေးမှုအပေါ် မကျေနပ်တာကြောင့် ဆုပေးပွဲကိုပါ တက်ရောက်ခြင်း မရှိဘဲ ဆုပေးပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။
Photo Credit : The European Lab’s X
အခု မန်စီးတီးနဲ့ ရီးယဲလ်အသင်းတို့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့မှာ တွေ့ဆုံကြတုန်းမှာ မန်စီးတီး ပရိသတ်တွေက ဘာလွန်းဒေါဆုရှင် ကစားသမား ရိုဒရီပုံနဲ့အတူ “stop crying your heart out” ဆိုတဲ့ ကမ္ဘာကျော် အင်္ဂလိပ် ရော့ခ် တေးဂီတအဖွဲ့ အိုအေဆစ်ရဲ့ သီချင်းခေါင်းစဉ် နာမည်နဲ့ ရီးယဲလ်တစ်သင်းလုံးကို ပွဲမစခင်မှာပဲ စိတ်ဓါတ်စစ်ဆင်ရေး လုပ်လာခဲ့ပါတယ်။
ရီးယဲလ်ကလည်း ခံစစ်တန်း တစ်တန်းလုံးမှာ ခံစစ်ကစားသမားတွေ ဒဏ်ရာရနေမှုကြောင့် ကစားသမား အသုံးပြုမှုကို ဖြစ်သလို သုံးခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ် အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့် နှစ်ကြိမ်တိုင် ဦးဆောင်ခံရမှုကနေ အကောင်းဆုံး ပြန်လာရင်း အဝေးကွင်းမှာပါ နိုင်ပွဲရသွားခဲ့ပါတယ်။
Photo Credit : beIN SPORTS
ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် စီးတီးခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး အရေးကြီးတဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်ပါ လုပ်ဆောင်ခဲ့တဲ့ ဗင်နီစီယပ်စ်က “ကျွန်တော် မန်စီးတီး ပရိသတ်တွေရဲ့ banner ကို မြင်ခဲ့ရတယ်။ အဲ့ဒါက ကျွန်တော့်ကို ပိုပြီးတော့တောင် စိတ်အားတက်ကြွစေခဲ့ရတယ်။ ပြိုင်ဘက်အသင်းက ပရိသတ်တွေ အခုလိုမျိုး လုပ်လာတဲ့အခါ ကျွန်တော့်ကို ပိုကောင်းအောင် ကစားစေဖို့ လှုံဆော်လိုက်သလိုပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။
ရီးယဲလ်ဟာ ခံစစ်ကစားသမားတွေဖြစ်တဲ့ အာလာဘာ ၊ ရူဒီဂါ ၊ ကာဗာဟယ်လ် ၊ ဗက်ဇ်ကွက်တို့ဟာ ဒဏ်ရာတွေကြောင့် အခုပွဲကို လွဲချော်ခဲ့ရသလို ကစားခွင့်ရတဲ့ ကစားသမားတွေထဲမှာ အဝါကတ်ထိထားသူတွေကလည်း အဝါကတ် ထပ်မပြခံရအောင် ကစားသွားနိုင်ခဲ့တာကြောင့် ဒုကျော့မှာ အားသာချက်တွေ ရှိသွားခဲ့ရပြီ ဖြစ်ပါတယ်။