ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းတို့ဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဗင်နီစီယပ်စ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် လွန်ခဲ့တဲ့ (၂)ပတ်ခန့်ကတည်းက ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဘာသဘောတူညီချက်မှတော့ မရခဲ့ပါဘူး။ အခုလို ပယ်ချတာက ဗင်နီစီယပ်စ်ဟာ ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများကို မျှော်လင့်ထားတာ ဖြစ်သလို အသင်းရဲ့ ကမ်းလှမ်းချက်ဟာလည်း သူ့တန်ဖိုးကို ထင်ဟပ်စေတယ်လို့ပါ မယုံကြည်တာကြောင့် ဖြစ်ပါတယ်။

Photo Credit : SNL24

ဒီလို အခြေအနေမှာ Sky Sports ရုပ်သံရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ ဗင်နီစီယပ်စ်နဲ့ အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ သတင်းဖော်ပြလာပါတယ်။ ဗင်နီစီယပ်စ်ဟာ ရီးယဲလ်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဗင်နီစီယပ်စ်ရဲ့အေးဂျင့်တွေက အသင်းဘက်ကနေ သူတို့ကစားသမားရဲ့ အရေးပါမှုကို အသိအမှတ်မပြုရင် အသင်းမှာ ဆက်နေမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်း်လင်း ပြောထားပါတယ်။

ဒီလိုအချိန်မှာ ဆော်ဒီ အားကစားဝန်ကြီးဌာနဘက်ကလည်း ဗင်နီစီယပ်စ်ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်နေဆဲဖြစ်ပြီး ဗင်နီစီယပ်စ်လို ကမ္ဘာ့အဆင့် ဘောလုံးသမားတစ်ဦး သူတို့ ဆော်ဒီလိဂ်ဆီ ရောက်လာနိုင်ဖို့ ကြိုးပမ်းလို့နေပါတယ်။ စပိန်ကနေ ဖော်ပြနေတဲ့ သတင်းတွေထဲမှာ ဗင်နီစီယပ်စ်ဟာ အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ မိုဒရစ်တို့လို စီနီယာ ကစားသမားတွေနဲ့ အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ဗင်နီစီယပ်စ်ရဲ့ ကွင်းအတွင်း ခံစစ်ပိုင်းအတွက် အားမထုတ်ခြင်းတွေ ရန်လိုစိတ်များနေခြင်းတွေနဲ့ ကွင်းလယ်ဒိုင်တွေနဲ့ အမြဲလို ငြင်းခုံနေမှုတွေနဲ့ ပတ်သက်ပြီး သူ့ကို အသင်းအတွင်းမှာပါ မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆော်ဒီဘက်က ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၃၀၀)တန်နဲ့ ကမ်းလှမ်းထားမှုကိုလည်း ရီးယဲလ်အသင်းအနေနဲ့ လက်ခံသင့်တယ်လို့ ထင်နေကြပါတယ်။

ပီအက်စ်ဂျီနဲ့ ဆော်ဒီတို့ရဲ့ ဆွဲဆောင်မှုများ ရှိနေပေမယ့် ရီးယဲလ်ကတော့ ဗင်နီစီယပ်စ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ အားသာချက် ရှိနေဆဲဖြစ်သလို အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း ဗင်နီစီယပ်စ်ကို အသင်းရဲ့ အဓိကကျောရိုးအဖြစ် ထင်မြင်နေပြီး ပိုမိုကောင်းမွန်တဲ့ စာချုပ်တစ်ခုကိုပါ ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။