မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဂျက် ဂရီးလစ်ရှ်ရဲ့ လက်ရှိ အခြေအနေတွေအရဆိုရင် သူရဲ့အသင်းဟောင်း အက်စတွန် ဗီလာကတောင် ပြန်ခေါ်ချင်မှာ မဟုတ်ဘူးလို့ လီဗာပူးလ် ဗီလာနဲ့ နော်တင်ဟမ် ကစားသမားဟောင်းကြီး စတန် ကော်လီမိုးက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

အသက်(၂၉)နှစ်အရွယ် ဘယ်တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ၂၀၂၁ခုနှစ်ကမှ ဗီလာကနေ မန်စီးတီးအသင်းဆီ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း သူရဲ့ ခြေစွမ်းတွေကတော့ မျှော်လင့်ထားသလောက် မဖြစ်လာခဲ့ပါဘူး။

Photo Credit : Football365

ဒီရာသီမှာဆိုရင်လည်း မန်စီးတီးအတွက် သွင်းဂိုး(၂)ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့သလို ပြက္ခဒိန်နှစ် တစ်နှစ်တာအတွင်းမှာလည်း စီးတီးအတွက် ဂိုးပေါက်လုံးဝပျောက်နေတဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ပါသေးတယ်။ ဒီအခြေအနေတွေကြောင့်လည်း စီးတီးနည်းပြ ဂွါဒီယိုလာက ဂရီးလစ်ရှ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖြစ်ခဲ့ရပြီး ဂရီးလစ်ရှ်ရဲ့ ပွဲကစားခွင့်တွေဟာလည်း အကန့်အသတ်နဲ့ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဂရီးလစ်ရှ်ရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ပြီး လာမယ့်နွေမှာပဲ ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေပါ ထွက်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်ကိုသာ စီးတီးဘက်က ရောင်းထုတ်မယ်ဆိုရင် သူ့အသင်းဟောင်း ဗီလာဆီ ပြန်ရောက်နိုင်မလားလို့ စတန် ကော်လီမိုးကို မေးမြန်းလာခဲ့ရာ ကော်လီမိုးက “မထင်ပါဘူး။ ကျွန်တော် တကယ်ပဲ မဖြစ်စေချင်ဘူး။”

Photo Credit : Caught Offside

“ဂျက်ရဲ့ စွမ်းဆောင်မှုက လိုအပ်တဲ့အဆင့်နဲ့ လုံးဝ မနီးစပ်ဘူးလို့ ထင်တယ်။ အဆန်စီယိုနဲ့ ရပ်ရှ်ဖို့ဒ်တို့လို ကစားသမား နှစ်ယောက်က အိုလီ ဝက်ကင်းစ်ရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်တွေမှာ ကစားနိုင်တယ်။ သူတို့ ကစားနိုင်မလား မကစားနိုင်ဘူးဆိုတာ သံသယဝင်စရာ မရှိပါဘူး။ ဂျက်က မန်စီးတီးမှာ Treble Champions ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်။”

“ဒါပေမယ့် အဲ့ဒီအချိန်မှာတောင် သူက အဓိက ကစားသမား မဟုတ်ခဲ့ဘူး။ အဓိက ကစားသမားက ကယ်လ်ဗင် ဒီဘရိုင်းပါ။ သူက ကောင်းတယ်ဆိုရင်တောင် အရမ်းကောင်းတယ်လို့ မဆိုနိုင်ဘူး။ ပြီးခဲ့တဲ့ရာသီက တစ်နှစ်ကျော်ကျော်မှ ဂိုးတစ်ဂိုးပဲ သွင်းတယ်။ သူက လူတွေကို ကျော်ဖြတ်သွားတာမျိုး မလုပ်တော့ဘူးထင်တယ်။ ဒိုကူ အသင်းထဲကို ပထမဆုံး ဝင်လာတဲ့အခါ ဒါကို လုပ်ခဲ့တယ်။ အခု မာမွတ်ရှ်ကလည်း ဒါကို လုပ်မယ်လို့ မြင်ယောင်ကြည့်လို့ရတယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။