ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းက ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကို စီးရီးအေကလပ် အေစီမီလန်အသင်းဆီ ရာသီကုန်အထိ အငှားချလိုက်ခြင်းအပေါ် နောင်တရခြင်း မရှိဘူးလို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီနွေမှာ အသက်လက်တီကို မက်ဒရစ်က စပိန် တိုက်စစ်မှူး အိုမိုယိုဒီယန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာကနေ နောက်ပိုင်းမှ စိတ်ကူးပြောင်းပြီး အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဂျာအို ဖီးလစ်ကိုသာ အပြီးသတ်နဲ့ ပြောင်းလဲ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂျာအို ဖီးလစ်က ဒီရာသီထဲ ချယ်လ်ဆီးမှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ နီကိုးလပ်စ် ဂျက်ဆင်၊ အန်ကွန်ကူ ၊ မာဒူအက်ခေး ၊ ဆန်ချို ၊ မူဒရစ်ခ် ဂျာအို ဖီးလစ် ၊ နက်တို ၊ ဂီယူတို့နဲ့ ကစားသမား (၈)ဦးအထိ ရှိနေတာကြောင့် အလှည့်ကျ လူထုတ်ပုံနဲ့သာ အသုံးပြုနေရပြီး ဂျာအို ဖီးလစ်ကတော့ ပြည်တွင်း ရှုံးထွက်ပွဲစဉ်တွေနဲ့ ကွန်းဖရန့်စ်လိဂ်တွေမှာသာ အများဆုံး ကစားရပါတယ်။

အသက်(၂၅)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀)အထိ ကစားထားရပေမယ့် (၈)ပွဲလေးသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသလို (၇)ဂိုးသွင်း (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit : Sempre Milan

အသင်းမှာ ကစားခွင့် သိပ်မရတဲ့ ဂျာအို ဖီးလစ်ကို အက်စတွန် ဗီလာအသင်းက အငှားနဲ့ ခေါ်ယူဖို့ စတင် စိတ်ဝင်စားခဲ့ပေမယ့် ဗီလာက ရပ်ရှ်ဖို့ဒ်နဲ့ အဆန်စီယိုတို့ကိုသာ ခေါ်ယူခဲ့တာကြောင့် ဖီးလစ်ကို မီလန်အသင်းကသာ အငှာနဲ့ ခေါ်ယူလိုက်ပါတယ်။ မီလန်ဟာ ချယ်လ်ဆီးကနေ ပူလီဆစ်၊ ဂျရူး၊ တိုမော်ရီ၊ လော့တပ်ချိဖ်တို့ကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။

အခုလို ဂျာအို ဖီးလစ်ကို အငှားချလိုက်တာနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ မာရက်စ်ကာက “ကျွန်တော်တို့တွေ ဂျာအို ဖီးလစ်ကို လွမ်းဆွတ်မနေပါဘူး။ ဂျာအိုက မီလန်မှာ ပျော်ရွှင်နေပြီး သူ မီလန်မှာ ပျော်နေလို့ ကျွန်တော်တို့လည်း ပျော်ရွှင်ရပါတယ်။ ဈေးကွက်နောက်ဆုံးမှာ တိုက်စစ်မှူး (၂)ဦး ဒဏ်ရာရခဲ့လို့ ခက်ခဲခဲ့ရပေမယ့် မကြာခင်မှာပဲ နီကိုးလပ်စ် ဂျက်ဆင်က ပြန်လာနိုင်တော့မှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။