အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မကြာသေးခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးသော ကစားသမားတစ်ဦး GOAT တစ်ဦး ဖြစ်တယ်လို့ ပြောဆိုခဲ့မှုအပေါ် အင်တာ မိုင်ယာမီနည်းပြ ဂျာဗီးယား မာရှေယာနိုက ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
မနေ့ကပဲ အသက်(၄၀)ပြည့်သွားခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ဒီရက်ပိုင်းအတွင်းမှာ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး သူက ဘောလုံးသမိုင်းမှာ အပြည့်အစုံ ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးပရိသတ်တွေအနေနဲ့ ပီလီ မက်ဆီ မာရာဒိုနာတို့ကို သူ့ထက် ပိုနှစ်သက်နိုင်ပေမယ့် သူကတော့ အမြဲတမ်း အကောင်းဆုံး ကစားသမားဆိုတာကို ယုံကြည်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Photo Credit : FotMob
ဒါ့အပြင် ရော်နယ်လ်ဒိုက သူဟာ မြန်ဆန်တယ်၊ ကြံခိုင်တယ်၊ ခေါင်းတိုက်ပြီးတော့ ဘယ်ခြေနဲ့ရော ဂိုးသွင်းနိုင်တာမို့ သူ့ထက် ဘယ်ကစားသမားမှ ပိုပြီးပြည့်စုံမှု မရှိဘူးလို့ အဲ့ဒီအင်တာဗျူးမှာ အားပါးတရကို ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဘောလုံးပရိသတ်တွေကြားမှာ အငြင်းပွားမှုက ဆက်လက် ပြင်းထန်နေခဲ့ပြီး ဒီလိုငြင်းခုံမှုထဲကို မာရှေယာနိုပါ ပါဝင်လာခဲ့ပါတော့တယ်။
လက်ရှိမှာ ဘောလုံးနည်းပြတစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မာရှေယာနိုဟာ ဘောလုံးသမားဘဝတုန်းကတော့ ရော်နယ်လ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရဖူးသူဖြစ်ပြီး လက်ရှိမှာလည်း ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီ ပါဝင်နေတဲ့ အင်တာ မိုင်ယာမီအသင်းကို တာဝန်ယူ ကိုင်တွယ်လို့နေပါတယ်။
Photo Credit : Diario La Prensa
ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး ပြောစကားတွေနဲ့ ပတ်သက်ပြီး မာရှေယာနိုက “ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျွန်တော် အများကြီး လေးစားပါတယ်။ သူရဲ့ အမြင်တွေကိုလည်း ကျွန်တော် ပြန်ပြီး သုံးသပ်နေစရာ မလိုပါဘူး။ ကျွန်တော့်မှာလည်း ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင် ထင်မြင်က ရှိပါတယ်။ သူနဲ့တော့ မတူပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့အတူ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်ကို ဖြတ်သန်းလျက် ရှိနေပြီး မက်ဆီကတော့ အင်တာ မိုင်ယာမီအသင်းနဲ့ ၂၀၂၅ ဘောလုံးရာသီအတွက် ရာသီကြို ခြေစမ်းပွဲတွေကို လိုက်ပါကစားနေပြီး ရာသီကြို ပြင်ဆင်မှုတွေထဲ ပါဝင်လျက် ရှိနေပါတယ်။