ချယ်လ်ဆီးအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့ ဒီနေ့မှာပဲ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ဒီနွေကမှ အသက်လက်တီကို မက်ဒရစ်ကနေ ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့တဲ့ ဂျာအို ဖီးလစ်ဟာ ဒါ ချယ်လ်ဆီးကို ဒုတိယအကြိမ်အဖြစ် ရောက်လာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ ပွဲကစားခွင့်တွေက အတော်လေး နည်းပါးနေရတာကြောင့် မပျော်မရွင် ဖြစ်နေရပြီး အသင်းကနေပါ ပြန်လည် ထွက်ခွာသွားချင်နေပါတယ်။

Photo Credit : Football Transfer

ဒီအခြေအနေတွေကြောင့်ပဲ ကလပ်အသင်း တော်တော်များများက ဂျာအို ဖီးလစ်ရဲ့ အခြေအနေကို စောင့်ကြည့်လာကြပြီး အက်စတွန် ဗီလာအသင်းကလည်း ဂျာအို ဖီးလစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့ပေမယ့် ခေါ်ယူနိုင်ဖို့က မလွယ်ကူတာကြောင့် မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်အထိ ဂျာအို ဖီးလစ်ရဲ့ အပြောင်းအရွှေ့က စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး လတ်တလောလည်း သူ့ကို အေစီမီလန်နဲ့ စပါးအသင်းတို့က အငှားခေါ်ယူမှုနဲ့ ခေါ်ယူသွားချင်နေပါတယ်။ ချယ်လ်ဆီးဘက်ကတော့ သူတို့ကစားသမားကို စပါးလို ပြည်တွင်းကလပ်အသင်းဆီ အငှားမချချင်ဘဲ မီလန်ဆီသာ အငှားချသွားချင်နေပါတယ်။

Photo Credit : The Independent

အေစီမီလန်ကလည်း ချယ်လ်ဆီးက ကစားသမားတွေဖြစ်တဲ့ ပူလီဆစ် ဂျရူး တိုမော်ရီ လော့တပ်ချိဖ် ဘာကာယိုကိုတိုု့လို ကစားသမားတွေကို ခေါ်ယူခဲ့ဖူးသလို ချယ်လ်ဆီး ကစားသမားဟောင်း အေဘရာဟမ်လည်း လက်ရှိ မီလန်တိုက်စစ်မှာ ပါဝင်ကစားနေပါတယ်။ အခုလည်း ဖီးလစ်ပါ ချယ်လ်ဆီးကနေ မီလန်ဆီ ပြောင်းလာဖို့က နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

ဂျာအို ဖီးလစ်ဟာ မနေ့က ဆန်စီရိုကွင်းမှာ မီလန်ဒါဘီပွဲစဉ်ကိုပါ သွားရောက်ကြည့်ရှုခဲ့သေးပြီး အီတလီ နာမည်ကျော် ဘောလုံးသတင်းထောက် ဒီမာဇီယိုကလည်း ဖီးလစ်ကိုယ်တိုင်က မီလန်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် မီးစိမ်းပြထားတယ်လို့ သိရပါတယ်။ လာမယ့် နာရီပိုင်းအတွင်းမှာပဲ ဂျာအို ဖီးလစ်နဲ့ မီလန်တို့ရဲ့ အပြောင်းအရွှေ့က စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရပါတော့မယ်။