မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ချီအသင်းရဲ့ ဘယ်နောက်ခံကစားသမား ပက်ထရစ် ဒိုဂူကို ခေါ်ယူသွားဖို့ ခက်ခဲနေချိန်မှာ ကစားသမားဟောင်းဖြစ်တဲ့ အဲလ်ဗာရို ဖာနန်ဒက်ဇ် ကာရီရက်စ်ကိုသာ ဘင်ဖီကာအသင်းကနေ ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ESPN ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က အခုဈေးကွက်အတွင်းမှာ ဘယ်ခြမ်းခံစစ်နေရာအတွက်ကိုသာ ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး လက်ချီအသင်းရဲ့ အသက်(၂၀)အရွယ် ဒိန်းမတ် ဘယ်နောက်ခံကစားသမားလေး ဒိုဂူကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း လက်ချီဘက်က အဲ့ဒီနှစ်ကြိမ်လုံးကို ပယ်ချထားခဲ့ပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီက နူနို မန်ဒက်စ်နဲ့ ဘုန်းမောက်က ကာကက်ဇ်တို့ကိုပါ ယူနိုက်တက်က ချိန်ရွယ်ထားပေမယ့် ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့ဆိုတာ ပိုမို ခက်ခဲရနိုင်တာကြောင့် ဒီနွေကမှ ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့ထားတဲ့ ကစားသမားဟောင်း ဖာနန်ဒက်ဇ်ကိုသာ ပြန်လည် ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် စပိန်ဘယ်နောက်ခံကစားသမား ဖာနန်ဒက်ဇ်ဟာ ၂၀၂၀ကတည်းက ရီးယဲလ် မက်ဒရစ် လူငယ်အသင်းကနေ ယူနိုက်တက် လူငယ်အသင်းဆီ ရောက်ရှိလာခဲ့ရင်း ယူနိုက်တက် စီနီယာအသင်းကြီးအတွက် တစ်ပွဲမှ မကစားခဲ့ရဘဲ ပရက်စတန် ဂရန်နာဒါနဲ့ ဘင်ဖီကာတို့မှာ အငှားနဲ့ သွားကစားခဲ့ရရင်း ဘင်ဖီကာဆီ အပြီးသတ်ပါ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Relevo

ယူနိုက်တက် ယူ-၂၃အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဖြစ်ခဲ့သေးတဲ့ ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာအသင်းဆီ အပြီးသတ် ရောင်းချခံရတုန်းက အသင်းဆီ ပြန်ခေါ်ယူနိုင်မယ့် buy-back option ကို ထည့်သွင်းခဲ့ပြီး အခု အသင်းက ဘယ်နောက်ခံလူတစ်ဦး လိုအပ်နေချိန်မှာတော့ ကာရီရက်စ်ကို ပြန်ခေါ်ယူဖွယ် ရှိနေပါတယ်။

ဘင်ဖီကာနဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ဖာနန်ဒက်ဇ်ကို ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို စပိန် ထိပ်သီးအသင်းတွေကပါ စိတ်ဝင်စားနေကြပေမယ့် အခုတော့ ဖာနန်ဒက်ဇ် အသင်းဟောင်း ယူနိုက်တက်က ယူရိုသန်း(၂၀)တန် buy-back option ကို အသက်သွင်းပြီး အသင်းဆီ ပြန်လည် ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။