မနေ့ညက ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ချန်ပီယံလိဂ် league phase ပွဲစဉ်မှာ မန်စီးတီးက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ အိမ်ရှင်အသင်းဘက်ကို ဂိုးတွေ ပြန်လည် ခွင့်ပြုခဲ့ရင်း (4-2)နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ မန်စီးတီးဟာ (၄)ဂိုးအထိပဲ အသွင်းခံရတာဟာ ကံကောင်းခဲ့တာလို့ ဂျင်မီ ကာရေဂါက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် အရေးတကြီး လိုအပ်နေတဲ့ မန်စီးတီးဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ (၂)ဂိုးနဲ့ ဦးဆောင်နိုင်တဲ့ အနေအထားအထိ ရောက်ပြီးမှ ချေပဂိုးတွေ အလျင်အမြန် ခွင့်ပြုခဲ့ရပြီး ဂျာအို နေးဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ရာမို့စ်ရဲ့ နာကျင်အချိန်ပို ဂိုးတွေကိုပါ ခွင့်ပြုခဲ့ကာ ရှုံးပွဲကြုံသွားခဲ့ရပါတယ်။

Photo Credit : AP

ဒီရှုံးပွဲကြောင့် မန်စီးတီးက league phase ရဲ့ အဆင့်(၂၅) elimination zone အတွင်းပါ ရောက်နေရလို့ league phase အဆင့် နောက်ဆုံးပွဲဖြစ်တဲ့ ကလပ်ဘရုဂေးနဲ့ ပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူသွားရပါတော့မယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါက ဒုတိယပိုင်း ပွဲချိန်မှာ လူကြီးနဲ့ ကလေး ကစားသွားသလိုတောင် ဖြစ်ခဲ့တယ်လို့ သုံးသပ်သွားပါတယ်။

“ဒီပွဲကြည့်ရတာ မတူကွဲပြားတဲ့ ပွဲအမျိုးအစား (၂)ပွဲကို ကြည့်နေရသလိုပါပဲ။ပွဲရဲ့ ပထမပိုင်းက အမှတ်တရ နှုတ်ဆက်ပွဲလို ကစားနေကြပြီးတော့ ဒုတိယပိုင်းကတော့ ကျွန်တော်တို့ ကြည့်ဖူးခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲတွေထဲကမှ အကောင်းဆုံး ပွဲကို မြင်နေရသလိုပဲ။ ပီအက်စ်ဂျီက ဒုတိယပိုင်း ပြန်စချိန်မှာ ဒမ်ဘီလီကို ထည့်လိုက်တယ်။”

Photo Credit : Goal

“ဒီကစားသမားကိုသာ ပွဲအစကတည်းက သုံးလာမယ်ဆိုရင် တစ်ခုခု ထူးခြားသွားလိမ့်မယ်လို့ သီယာရီလည်း ပြောသေးတယ်။ ပွဲရဲ့ အဆုံးသတ်မှာတော့ ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ပွဲရဲ့ အရှိန်ပြင်းထန်မှုက အရမ်းများလာတော့ ဒါကို မန်စီးတီးက မကိုင်တွယ် မထိန်းချုပ်နိုင်တော့ဘူး။ ဒုတိယပိုင်းမှာဆိုရင်လည်း လူကြီးနဲ့ ကလေး ကစားနေသလိုမျိုး သူတို့က အနိုင်ကျင့်ခံနေရသလို ဖြစ်နေရတယ်။”

“နောက်ဆုံးမှာ (၄)ဂိုးတည်းနဲ့ပဲ အဆုံးသတ်သွားတာက ကံကောင်းပါတယ်။ မဟုတ်ရင် ဒီထက်တောင် ပိုဆိုးသွားနိုင်တယ်။” လို့ ကာရေဂါက မှတ်ချက်ပြုသွားခဲ့ပါတယ်။ အခုလို ချန်ပီယံလိဂ်မှာ ရလဒ်ဆိုးခဲ့တဲ့ မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ ပွဲကျပ်တစ်ပွဲကိုပါ ဆက်လက် ယှဉ်ပြိုင်သွားရပါတော့မယ်။