မန်ချက်စတာ စီးတီးအသင်းနဲ့ ၂၀၃၄ခုနှစ်အထိ ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မန်စီးတီးနဲ့အတူ ချန်ပီယံရှစ် အမှတ်ပေးပြိုင်ပွဲမှာ နှစ်ရှည်ကစားသွားရတော့မယ်လို့ ဘောလုံးပရိသတ် တချို့က လှောင်ပြောင် ကျီစယ်လာခဲ့ကြပါတယ်။
အသက်(၂၄)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၂ခုနှစ် နွေကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို (၂)ရာသီဆက်တိုက် ပိုင်ဆိုင်ခဲ့သလို အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလားတို့ပါ ဆွတ်ခူးခဲ့ပါတယ်။
Photo Credit : Goal
လက်ရှိမှာလည်း မန်စီးတီးအတွက် (၁၂၆)ပွဲကစား (၁၁၁)ဂိုး သွင်းယူထားခဲ့တဲ့ ဟာလန်းက မန်စီးတီးမှာပဲ နှစ်ကာလရှည်ကြာစွာ ရှိနေတော့မယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားခဲ့ပြီး သူဟာ မန်စီးတီးမှာ နှစ်အကြာကြီး ဆက်ရှိနေတော့မှာမို့ ပရီးမီးယားလိဂ်က ခံစစ်မှူးတွေအတွက် စိတ်မကောင်းပါဘူး ဆိုပြီးပါ ပြောဆိုလာခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ Financial Fair Play FFP နဲ့ ပတ်သက်ပြီး အမှုပေါင်း (၁၁၅)မှုအထိ စွဲချက်တင်ခံထားရခြင်းအပေါ် ဘယ်ပြစ်ဒဏ် ကျခံရမလဲဆိုတာ အခုထိ မသိရှိသေးဘဲ အပျော်တန်းလိဂ်အထိပါ တန်းဆင်းရတာမျိုးအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သုံးသပ်နေကြလျက်လည်း ရှိနေပါတယ်။
Photo Credit : Goal
ဒီကိစ္စနဲ့ ဆက်စပ်ပြီး နှစ်ရှည် သက်တမ်းတိုးခဲ့တဲ့ ဟာလန်းကို “သူက ချန်ပီယံရှစ်မှာ (၉)နှစ်အထိ ကစားသွားရမှာပါ။” (၉)နှစ်စာချုပ်ကြီးက ရူးသွပ်စရာပါပဲ။ ဘယ်လို လစာနဲ့ အပိုဆုကြေးတွေ ရမလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အခုကနေ (၉)နှစ်အထိ လစာတိုးရတော့မှာ မဟုတ်ဘူး။ နောက်ပြီး စီးတီးက တန်းဆင်းသွားရင်လည်း သူက ဘယ်အသင်းဆီမှ မပြောင်းနိုင်တော့တာက စီးတီးအတွက် ကောင်းပါတယ်။” လို့ လှောင်ပြောင်ထားကြပါတယ်။
ဒါပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၇၉)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဟာလန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ အလန် ရှီးယားရဲ့ သွင်းဂိုး (၂၆၀)ကို အမီလိုက်နိုင်ဖို့ အခွင့်အရေး ရလာနိုင်ဖို့ ရှိနေပြီး လက်ရှိမှာတော့ ဟာလန်းက (၇၉)ဂိုးနဲ့ အဆင့်(၆၁)နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။