အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား လူငယ် ကွင်းလယ်ကစားသမားလေး ဖက်ဒရစ်ကို ရီဒွန်ဒိုက မိုင်ယာမီ အသင်းဖော် အာဂျင်တီးနား စူပါစတားကြီး လီယွန်နယ် မက်ဆီဟာ ဘောလုံးသမားဘဝကို သူ့အသက်(၄၅)နှစ်လောက်အထိ ကောင်းကောင်း ဖြတ်သန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

ဘာလွန်းဒေါဆု (၈)ကြိမ် ရထားတဲ့ ကမ္ဘာ့ချန်ပီယံ မက်ဆီဟာ လက်ရှိမှာ အသက်(၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် အင်တာ မိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတဲ့အပြင် အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲကြီး တချို့ကိုလည်း ပါဝင် ကစားသွားပေးဖို့ ရှိနေပါတယ်။

Photo Credit : Goal

အခုတော့ မက်ဆီက ၂၀၂၅ မေဂျာလိဂ် ဘောလုံးရာသီသစ် မစတင်ခင် မိုင်ယာမီနဲ့အတူ ရာသီကြို အစီအစဉ်တွေမှာ ပါဝင်နေရင်း မကြာခင်မှာပဲ ရာသီကြို ခြေစမ်းပွဲတွေကိုပါ ကစားသွားဖို့ ရှိနေချိန် မက်ဆီရဲ့ မိုင်ယာမီ အသင်းဖော် ရီဒွန်ဒိုက မက်ဆီဟာ အသက်(၄၅)နှစ်လောက်အထိ ဘောလုံးကစားနိုင်မယ့်သူလို့ ပြောဆိုလာပါတယ်။

“ကျွန်တော် သူ့အတွက် ပြောဆိုတာမျိုး မဟုတ်ပေမယ့် သူ နေ့တိုင်း လေ့ကျင့်နေတာကို ကြည့်ရတာတော့ လီယိုဟာ အသက်(၄၅)နှစ်လောက်အထိ ဘောလုံး ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်မှုတွေကို ဆာလောင်နေတက်တာက သူ့ကို ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံလာစေတဲ့ အဓိက အချက်ပါပဲ။”

Photo Credit : Goal

“ဘောလုံးလောကထဲမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အရေအတွက် ထောင်ချီ ရှိနေပေမယ့် ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဘယ်ကစားသမားမှ သူ့လောက် အရည်အချင်း မရှိပါဘူး။ နောက်ပြီး သူက အရည်အချင်းကိုပါ ကျော်လွန်ပြီးတော့ အရာအားလုံးကို အောင်နိုင်ခဲ့တဲ့ ကစားသမားပါ။”

“သူက လေ့ကျင့်ခန်း အစီအစဉ်မှာလည်း သူက အင်တိုက်အားတိုက်ကို ကစားတာ။ သူက အရာအားလုံးကိုလည်း အနိုင်ယူချင်တယ်။ ဘောလုံးရာသီတိုင်းရဲ့ ကစားပွဲတိုင်းလည်း သူက အနိုင်ရယူချင်တယ်။ တကယ်လို့ အနိုင်မရခဲ့ရင်လည်း ခံစားရတယ်။ ရှုံးနိမ့်မှုတွေကနေ အများကြီး ခံစားခဲ့ရတာတွေကြောင့် သူက အားလုံးကို အနိုင်ရယူနိုင်အောင် ကြိုးစားခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ ဒါက အဓိကအချက်ပါပဲ။” လို့ ရီဒွန်ဒိုက ပြောဆိုသွားခဲ့ပါတယ်။