ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် နွေတုန်းက ခေါ်ယူထားတဲ့ ဒါနီ အော်လ်မိုကိုပါ လက်ကျန် ဘောလုံးရာသီအတွက် ကစားသမား မှတ်ပုံမတင်နိုင်သေးတဲ့ ဘာစီလိုနာက လက်ရှိမှာ အက်စတွန် ဗီလာ တိုက်စစ်မှူး ဂျွန်ဒူရန်ရဲ့ အေးဂျင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။

လက်ရှိ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးက အားထားနေဆဲ ဖြစ်ပေမယ့်လည်း ကစားသမားကြီးရဲ့ အသက်အရွယ်က (၃၆)နှစ်တောင် ရှိလာနေပြီဖြစ်လို့ သူ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး လိုအပ်လာခဲ့ပါတယ်။

Photo Credit : DAZN

ဒါကြောင့် ဘာစီလိုနာက လက်ရှိ ဗီလာအသင်းမှာ ခြေစွမ်းပြသနေတဲ့ အသက်(၂၁)အရွယ် ကိုလံဘီယာ တိုက်စစ်မှူးလေး ဒူရန်ကို မျက်စိကျလာခဲ့ပြီး စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကိုနဲ့ ဒူရန်ရဲ့ အေးဂျင့်ဖြစ်သူတို့က ဘာစီလိုနာမြို့မှာ တွေ့ဆုံဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုကနေ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လတ်တလောမှာ အော်လ်မိုအပြင် လူငယ် ကစားသမားလေး ပါအူ ဗစ်တာကိုပါ ကစားသမား စာရင်းသွင်းဖို့က ခက်ခက်ခဲခဲ လုပ်ဆောင်နေရဆဲဖြစ်ပြီး လတ်တလောမှာတော့ ဒီကစားသမား နှစ်ဦးအတွက် အယူခံဝင်ထားခြင်းကို အားကစားခုံရုံး Supreme Sports Council (CSD) ကနေ အတည်ပြုထားတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဘာစီလိုနာ စိတ်ဝင်စားနေတဲ့ ဂျွန်ဒူရန်ဟာ ဒီနွေမှာ ဗီလာကနေ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူ ဖြစ်ပေမယ့် အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့ဘဲ ဗီလာမှာသာ ဆက်နေခဲ့ရရင်းနဲ့ မထင်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဗီလာအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲကစားထားကာ (၁၂)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ဒူရန်ဟာ မကြာသေးခင်ကမှ ဗီလာအသင်းနဲ့ ၂၀၃၀အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်ပြီး လက်ရှိမှာ ဒီကစားသမားကို ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် ဒူရန်အနေနဲ့ လာမယ့်နွေမှာပဲ ဗီလာကနေ ထွက်ခွာနိုင်သလို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာကိုသာ ရွေးချယ်သွားချင်နေပါတယ်။