ချယ်လ်ဆီးအသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ်မှာ (၅)ပွဲဆက်တိုက်အထိ နိုင်ပွဲဆက်ထားခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကိုပါ မျှော်မှန်းလို့ ရနိုင်မယ့် အခြေအနေမျိုးအထိ ဖြစ်လာခဲ့ရပေမယ့်လည်း ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာကတော့ သူတို့အသင်းအနေနဲ့ ဒီရာသီမှာ title race အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ပဲ ထပ်မံ ပြောဆိုလာပြန်ပါတယ်။

ချယ်လ်ဆီးက ဒီရာသီမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ပြီး ကစားသမား အပြောင်းအရွှေ့ပါ ခပ်ကြမ်းကြမ်း လုပ်ထားပြီးချိန် အသင်းက ပရီးမီးယားလိဂ် (၁၆)ပွဲအထိ ကစားထားရာ (၁၀)ပွဲနိုင် (၂)ပွဲသာရှုံး (၄)ပွဲသရေကျခဲ့ရင်း အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာအထိတောင် ရပ်တည်နေရပါတယ်။

Photo Credit : Metro

အာဆင်နယ် မန်စီးတီးတို့လို အသင်းတွေရဲ့အထက်မှာ ရပ်တည်နေနေရသလို ထိပ်ဆုံးက လီဗာပူးလ်နဲ့လည်း (၁)ပွဲပိုကစားထားကာ (၂)မှတ်သာ ကွာဟနေပါတော့တယ်။ ဒီအချိန်မှာ ချယ်လ်ဆီးကို ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းထဲ ပါဝင်နေပြီလို့ သတ်မှတ်လာကြပေမယ့် နည်းပြ မာရက်စ်ကတော့ ဒီလို သတ်မှတ်မှုတွေအပေါ် လက်မခံ ငြင်းဆန်ထားပါတယ်။

“ကျွန်တော်တို့တွေ နိုင်ပွဲတွေ ဘယ်လောက်ပဲရှိရှိ အမှတ်ပေး ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်ဖို့အတွက်ကတော့ အဆင်သင့် မဖြစ်သေးဘူးပဲလို့ ကျွန်တော် ထင်ပါတယ်။ ဒီလို ဘာကြောင့်ထင်ရသလဲဆိုတဲ့ အကြောင်းအရင်းတစ်ခုကတော့ ဆုဖလားတွေ ရရှိအောင် ဘယ်လို ယှဉ်ပြိုင်ရမလဲဆိုတာ သိရှိတဲ့ အသင်းတွေက ကျွန်တော်တို့တွေ ဂိုးပေးရသလိုမျိုး သူတို့မှာ ဂိုးတွေ ခွင့်ပြုရခြင်း မရှိဘူး။”

Photo Credit : Eurosport

“အခုလည်း ကျွန်တော်တို့အသင်းထက် ပေးဂိုးနည်းတဲ့ အသင်းအရေအတွက် (၂)သင်းတည်းပဲ ရှိနေတယ်။ ကျွန်တော်တို့က ခံစစ်ပိုင်းအရ သိပ်မကောင်းနေတာတော့ မဟုတ်ပါဘူး။ ဒီပွဲမှာလည်း ပေးဂိုးမဲ့ နိုင်ပွဲမျိုးနဲ့ အဆုံးသတ်သွားချင်ပေမယ့် တစ်ဖက်အသင်းကလည်း ဂိုးသွင်းနိုင်ဖို့ အတော်လေး ကြိုးပမ်းခဲ့တာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီရာသီ နည်းပြ မာရက်စ်ကာ လက်ထက်မှာ ပြိုင်ပွဲစုံထဲ (၃)ပွဲသာ ရှုံးပွဲတွေ့ထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့်(၂)နေရာ ရောက်ရှိနေသလို ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာဆိုရင်လည်း ရာနှုန်းပြည့် နိုင်ပွဲတွေ ရယူထားပြီး ချန်ပီယံဖြစ်လာဖို့ပါ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။