မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး pundit တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ်က FA Cup ပြိုင်ပွဲမှာ လိဂ်တူးကလပ် ဆဲလ်ဖို့ဒ် စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရတော့မယ့် မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွါဒီယိုလာဟာ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ လှောင်ပြောင် ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ နည်းပြသက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးသေးတဲ့ ရလဒ်ဆိုးတွေကို တောက်လျှောက် ကြုံတွေ့နေရတာဖြစ်လို့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ပွဲစဉ်အတွင်းမှာတောင် လီဗာပူးလ် ပရိသတ်တွေက ဂွါဒီယိုလာကို မနက်ကျရင် ထုတ်ပယ်ခံရတော့မယ်လို့ပါ အော်ဟစ် လှောင်ပြောင်ခဲ့ပါသေးတယ်။

Photo Credit : Goal

တကယ်တော့ ဂွါဒီယိုလာဟာ ဘောလုံးနည်းပြတွေထဲမှာ GOAT တစ်ဦးလို့တောင် သတ်မှတ်လို့ ရနိုင်မယ့်သူ ဖြစ်တဲ့အပြင် မန်စီးတီးအတွက်လည်း ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူ ဖြစ်ပေမယ့် လက်ရှိမှာတော့ သူ့ကို စာချုပ်သက်တမ်း တိုးမြှင့်လိုက်ချိန်မှာပဲ မထင်မှတ်ထားလောက်အောင် (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့ရပါတယ်။

အဲ့ဒီ (၇)ပွဲမှာအတွင်းမှာလည်း ရှုံးပွဲက (၆)ပွဲအထိတောင် ရှိခဲ့တာမို့ ဂွါဒီယိုလာရဲ့ အခြေအနေက ပြိုင်ဘက်အသင်း ပရိသတ်တွေအတွက် လှောင်ပြောင်ချင်စရာ အနေအထားပါ ဖြစ်လာခဲ့ပြီး အခုလည်း နဗီးလ်က သူနဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းထဲက Class of 92 အဖွဲ့သားများ ပူးတွဲ ပိုင်ဆိုင်ထားတဲ့ ဆဲလ်ဖို့ဒ်နဲ့ FA Cup မှာ လာဆုံနေတဲ့ မန်စီးတီးရဲ့ နည်းပြ ဂွါဒီယိုလာကို လှောင်ပြောင်လိုက်ပြန်ပါတယ်။

Photo Credit : SPORTbible

မန်စီးတီးနဲ့ ဆဲလ်ဖို့ဒ်တို့ FA Cup တတိယအဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာဖြစ်ပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဂယ်ရီ နဗီးလ်က ဂွါဒီယိုလာတော့ မနက်ခင်းကျရင် အလုပ်ထုတ်ခံရတော့မယ်လို့ နောက်ပြောင်သွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ဆဲလ်ဖို့ဒ်တို့ဟာ လာမယ့် ၂၀၂၅ ဇန်နဝါရီ (၁၁)ရက်နေ့ Etihad ကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။

ဆဲလ်ဖို့ဒ်အသင်းကို ယူနိုက်တက် ရွှေရောင်မျိုးဆက် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂစ် ၊ ဂယ်ရီ နဗီးလ် ဖီးလ် နဗီးလ်တို့ နဗီးလ်ညီနောင် ၊ ပေါလ်စခိုး ၊ နစ်ကီဘတ်တို့က အသင်းရဲ့ အစုရှယ်ယာထဲကမှ (၁၀)% စီ ဝယ်ယူခဲ့ပြီး စင်္ကာပူ စီးပွားရေးသမား ပီတာလင်းက ကျန်တဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၉မှာတော့ နဗီးလ်တို့ရဲ့ အသင်းဖော်ဟောင်း ဘက်ခမ်းကပါ ရှယ်ယာ (၁၀)%ကို ထပ်မံ ဝယ်ယူခဲ့ပါသေးတယ်။