ရီးယဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူတို့ ရီးယဲလ်အသင်းဟာ ဒီရာသီအစ ချန်ပီယံလိဂ် league phase မှာ ရလဒ်တွေ မကောင်းမွန်နေပေမယ့်လည်း ဒီအသင်းက ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်မယ်ဆိုတာ သိထားကြလို့ အခိုင်အမာ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ အအောင်မြင်ဆုံးသော အသင်းလည်း ဖြစ်သလို လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ရီးယဲလ်အသင်းက ဒီရာသီထဲ ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ league phase ပွဲတွေမှာတော့ စုစုပေါင်း (၅)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ (၂)ပွဲသာ ရှိခဲ့ရပြီး (၃)ပွဲအထိတောင် ရှုံ့းပွဲတွေ့ထားခဲ့ရပါတယ်။

Photo Credit : Goal

ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့ စတုဂတ်တို့ကို အနိုင်ရထားတဲ့ ရီးယဲလ်ဟာ လီဗာပူးလ် အေစီမီလန်နဲ့ လိုင်လီတို့ကို အရှုံးပေးထားခဲ့ရသလို အသင်းပေါင်း (၃၆)သင်းမှာလည်း အဆင့်(၂၄)ကို ရောက်နေတဲ့အထိ ရီးယဲလ်ရဲ့ အခြေအနေက ဆိုးရွှားနေခဲ့ရပါတယ်။

ချန်ပီယံလိဂ် ပုံစံသစ်မှာ အဆင့်(၁)ကနေ (၈)အတွင်းဝင်မယ့် အသင်းတွေက ရှုံးထွက်(၁၆)သင်းအဆင့်ဆီ auto တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အဆင့်(၉)ကနေ အဆင့်(၂၄)အထိ အသင်းတွေကတော့ ပလေးအော့အဆင့် ကစားရမှာဖြစ်ပြီး အဲ့ဒီကနေ အနိုင်ရလာမယ့် အသင်းတွေက Top 8 အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

တကယ်လို့ အဆင့်(၂၄)အောက် ရောက်သွားမယ်ဆိုရင်တော့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ရတော့မှာဖြစ်ပြီး ရီးယဲလ်ကလည်း လက်ရှိ အဆင့်(၂၄)ထိ ရောက်နေပေမယ့် သူတို့အသင်းက ချန်ပီယံလိဂ်မှာ နှစ်တိုင်း ယှဉ်ပြိုင်နေကြအတိုင်း နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ အန်ဆယ်လော့တီက လီဗာပူးလ်နဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီလို ပြောဆိုခဲ့ရုံတင်မကပဲ အန်ဆယ်လော့တီက သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်းရန့် အရီနာမှာ ကျင်းပမယ့် ဒီနှစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအထိပါ တက်လှမ်းနိုင်လိမ့်မယ် သူတို့ အဲ့ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ပါ ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။ တကယ်တော့ ရီးယဲလ်က ချန်ပီယံလိဂ်မှာ တခြားသော အသင်းများထက် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်လို့ အခု အန်ဆယ်လော့တီ ပြောခဲ့သလိုထိ လုပ်ဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။