အာဆင်နယ် ကစားသမားဟောင်းကြီး အီမန်နူရယ် ပီတစ်က အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် ထိပ်တန်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဗစ်တာ အိုဆီမန်နဲ့ ရာဖယ်လ် လီယာအိုတို့ကို ခေါ်ယူဖို့ လိုအပ်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကို အနီးကပ် ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဇယားထိပ်ဆုံးကို ရောက်ရှိနေတဲ့ လီဗာပူးလ်အသင်းနဲ့ပါ (၉)မှတ်တောင် ကွာဟနေတဲ့အထိ အခြေအနေတွေ ဆိုးရွှားလွန်းနေရပါတယ်။
Photo Credit : SemperMilan
ဒါ့အပြင် ချန်ပီယံလိဂ်မှာဆိုရင်လည်း အာဆင်နယ်က ရလဒ်တွေ အရမ်းကြီး ကောင်းမွန်နေခြင်း မရှိတဲ့အတွက် ဒီလို ပြိုင်ပွဲကြီးနှစ်ခုမှာ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားအင်အား တောင့်တင်းနေဖို့ လိုအပ်တယ် ထိပ်တန်း တိုက်စစ်ကစားသမား (၂)ဦးကို ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ကစားသမားဟောင်း ပီတစ်က အကြုံပေးလာခဲ့ပါတယ်။
“အာဆင်နယ်အသင်းက အိုဆီမန်လို တိုက်စစ်မှူးတစ်ဦး လိုအပ်နေတဲ့အပြင် ဂါဘရီရယ်လ် မာတင်နယ်လီနဲ့ အကောင်းဆုံး အလှည့်ကျ အသုံးပြုနိုင်ဖို့အတွက် လီယာအိုကိုလည်း လိုအပ်ပါတယ်။ ကစားသမားတွေအနေနဲ့ ပွဲကစားခွင့်အတွက် ဒီလို အပြိုင်အဆိုင် ဖြစ်ဖို့ကလည်း လိုအပ်ပါတယ်။”
Photo Credit : Goal
“ကျွန်တော် ဒီမတိုင်ခင်ကလည်း ပြောပါသေးတယ်။ အာဆင်နယ်ဟာ တခြားသော အသင်းကြီးတွေလိုမျိုး အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းမှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် သူတို့အသင်းအနေနဲ့ ကစားသမား အားဖြည့်ဖို့က လိုအပ်နေပါတယ်။ အခု ကျွန်တော် ပြောလိုက်တဲ့ ကစားသမားတွေက အာဆင်နယ်အသင်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ပို့ဆောင်ပေးနိုင်တယ်။”
“နောက်ပြီး နည်းပြ အာတီတာလက်ထက် အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့လို ပြိုင်ပွဲကြီးတွေမှာ တကယ့်ကို ကြောက်မက်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာအောင် လုပ်ဆောင်နိုင်ပါမယ်။” လို့ ပီတစ်က တိုက်တွန်းလိုက်ပါတယ်။ လတ်တလောမှာတော့ အိုဆီမန်ရဲ့ အနာဂတ်က လှုပ်ခတ်လျက် ရှိနေပြီး လီယာအိုကတော့ အေစီမီလန်ကနေ ထွက်ခွာဖြစ်ရင်တောင် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။