နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန်ဟာ သူ့အနေနဲ့ အသင်းဟောင်း အဲဗာတန်မှာ ကစားနေစဉ်အတွင်း လက်ရှိ အင်္ဂလန်နည်းပြသစ် သောမတ်စ် တူဟယ်လ် ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးသေးတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံကစားသမား ဂေါ်ဒွန်ဟာ အဲဗာတန်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၂၃ ဆောင်းဈေးကွက်မှာပဲ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း လက်ရှိမှာတော့ နယူးကာဆယ်ရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။
Photo Credit : Football365
ဒါပေမယ့် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းဆီ မပြောင်းရွှေ့ခင်က ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ကြောင်းကို ဂေါ်ဒွန်ကိုယ်တိုင် ဖွင့်ဟလာခဲ့ပါတယ်။ “ကျွန်တော် အဲဗာတန် ကစားနေတုန်းက ချယ်လ်ဆီးနဲ့ ပွဲအပြီးမှာပဲ ကျွန်တော် သူ(တူဟယ်လ်)နဲ့ လက်ဆွဲနှုတ်ဆက်ပြီး စကားပြောခဲ့ပါတယ်။ သူက ကျွန်တော့်ကို ချီးမွမ်းတဲ့ စကားတချို့ပြောလာတယ်။ ဒါက ကျွန်တော့်အခုမှ ပြောမိတာ။”
“သူနဲ့ ကျွန်တော် စကားပြောမိလိုက်တော့ သူ့ဆီကနေ နွေးထွေးမှုတွေ ခံစားလာရပြီးတော့ သူ့အတွက် တငယ် ကစားပေးချင်လာမိတယ်။ ဒီအခွင့်အရေးတော့ ကျွန်တော် မရလိုက်ဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီလို ဖြစ်လာဖို့က တော်တော် နီးစပ်ခဲ့တယ်။ အထူးသဖြင့်တော့ သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်ခဲ့တယ်။”
Photo Credit : The Sun
“ကျွန်တော့်ကစားပုံက သူရဲ့ ကစားဟန်နဲ့ လိုက်ဖက်သလိုမျိုး ချယ်လ်ဆီးမှာ သူအသုံးပြုနေတဲ့ ကစားပုံက ကျွန်တော်အတွက် အရမ်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ခံစားမိရတယ်။ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပေမယ့် ဖြစ်တော့ဖြစ်မလာခဲ့ဘဲနဲ့ အခု တစ်နှစ်ကျော်လောက်အကြာမှ သူနဲ့ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ဟာ လာမယ့် ၂၀၂၅ နှစ်စပိုင်းမှာပဲ ဂေါ်ဒွန်ရဲ့ အင်္ဂလန်အသင်းကို စတင် ကိုင်တွယ်သွားတော့မှာပဲ ဖြစ်ပြီး အဲ့ဒီအချိန်မှပဲ ဂေါ်ဒွန်အနေနဲ့ နည်းပြ တူဟယ်လ် လက်အောက်မှာ ကစားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။