မနေ့ညက ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ကျ ပင်နယ်တီဂိုးကြောင့် ယူနိုက်တက်က ရှုံးနိမ့်ခဲ့ရပေမယ့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ဘောလုံးလောကမှာ အကောင်းဆုံးအသင်းက အမြဲတမ်း အနိုင်ရနေတာ မဟုတ်ဘူးလို့ ပြောလာခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ဖြစ်နေရပြီး ပရီးမီးယားလိဂ်မှာလည်း ဘရိုက်တန် လီဗာပူးလ် စပါးနဲ့ အခု ဝက်စ်ဟမ်းတို့ကို ရှုံးနိမ့်ခဲ့ရသလို (၉)ပွဲကစားပြီးချိန်မှာလည်း ရမှတ် (၁၁)မှတ်သာ ရရှိထားသလို အဆင့် (၁၄)နေရာမှာပါ ရပ်တည်နေရပါတယ်။

Photo Credit : centredevils

ဒီရာသီထဲ ပြိုင်ပွဲစုံ (၁၃)ပွဲအထိ ကစားထားပြီးချိန် နိုင်ပွဲ (၄)ပွဲသာ ရယူထားနိုင်သေးတဲ့ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းမှာဆိုရင်လည်း ဘန်စလေအသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာပဲ (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက် တိုက်စစ်က (၉)ပွဲမှာ (၈)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အခုလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ (၂)ပွဲတည်းသာ ရှိထားသေးတဲ့ ဝက်စ်ဟမ်းကို ပွဲပြီးခါနီးလေးမှ အငြင်းပွားဖွယ်ရာ ပင်နယ်တီကြောင့် အရှုံးပေးခဲ့ရတဲ့အပေါ် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “ဘောလုံးလောကမှာ အမြဲတမ်း အကောင်းဆုံးအသင်းက အနိုင်ရနေတာတော့ မဟုတ်ပါဘူး။ ဒီနေ့ကတော့ ရှင်းရှင်းလင်းလင်း သိသာပါတယ်။”

Photo Credit : centredevils

“ဒါပေမယ့် VAR က ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာကိုလည်း ကျွန်တော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ မဝေဖန်ဘူး။ လုပ်ငန်းစဉ်တွေကိုပဲ ပြစ်တင်နေတာပါ။ ဒါက ရလဒ်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုလည်း ဖြစ်စေရပါတယ်။ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းက ကျွန်တော် မြင်ချင်နေသလိုမျိုးကို အတိအကျ ကစားသွားနိုင်ခဲ့တယ်။”

“လွှမ်းမိုးပြီး ကစားနိုင်ခဲ့တယ်။ ရာနှုန်းပြည့် အခွင့်အရေး (၆)ကြိမ် (၇)ကြိမ်လောက် ရခဲ့ပြီးတော့ ဂိုးလည်း သွင်းယူနိုင်သင့်ပါတယ်။ ဒီလို ဂိုးမသွင်းနိုင်ဘူးဆိုရင်လည်း စိတ်ကို တည်ငြိမ်နေရပါမယ်။ ဒါက တိုးတက်လာရမယ့် အပိုင်းဆိုပေမယ့် ကျွန်တော့်အသင်းအပေါ် ပြစ်တင်မှုတွေ အများကြီး လုပ်ခဲ့ပါဘူး။ ဒီအခိုက်အတန့်မှာ ကံတရားက ကျွန်တော်တို့ဘက်မှာ ရှိမနေပါဘူး။”

“အဲ့ဒါက ကျွန်တော်နဲ့ မပတ်သက်ပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ထူးမခြားနား ဖြစ်ခဲ့ပေမယ့် ရာသီ အဆုံးသတ်ခါနီးမှာ ကျွန်တော်တို့ အလှည့်အပြောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒီလို ထပ်ဖြစ်လာနိုင်ဖို့လည်း ကျွန်တော်တို့တွေ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို ပြောင်းလဲနိုင်ပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။