မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် တန်ဟက်ဂ်နေရာအတွက် ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို အစားထိုး ခန့်အပ်သွားဖို့ ရေပန်းစားနေတယ်လို့ Mail Online ကနေ ဖော်ပြလာခဲ့ပါတယ်။

နည်းပြတန်ဟက်ဂ်က လက်ရှိဘောလုံးရာသီမှာ ရလဒ်ပိုင်းအရရော ခြေစွမ်းပိုင်းအရပါ ရုန်းကန်ရမှုတွေ ရှိနေတာကြောင့် သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာမှုတွေ ဖြစ်လာခဲ့ရသလို အသင်းအနေနဲ့ ရှုံးပွဲတွေ ထပ်ကြုံလာရမယ်ဆိုရင်လည်း အချိန်မရွေး နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေမျိုးပါ ဖြစ်နေရပါတယ်။

Photo Credit : United in Focus

ဒီလိုအချိန်မှာ တန်ဟက်ဂ်နေရာ အစားဝင်လာနိုင်တဲ့ နည်းပြတွေဟာလည်း အများအပြားကို ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာတော့ Mail Online ရဲ့ နာမည်ကျော် သတင်းထောက်ဖြစ်သူ Chris Wheeler ရဲ့ သတင်းဖော်ပြချက်အရ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီပါ တန်ဟက်ဂ်နေရာ ဝင်ရောက်လာဖို့ ရေပန်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။

Chris Wheeler ရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ လပိုင်းကမှ နည်းပြဇာဗီကို နှစ်ကြိမ်တိုင် ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဆွေးနွေးမှုတချို့ကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် ဘာရက်ဒါ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေကလည်း ပြီးခဲ့တဲ့ ကြာသပတေးက ဘာစီလိုနာမြို့ဆီ သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်အသင်းအနေနဲ့က နည်းပြအပြောင်းအလဲကို အလျင်အမြန်ကြီး လုပ်ဆောင်သွားဖို့ မရှိသေးဘဲ လက်ရှိနည်းပြ တန်ဟက်ဂ်ကိုသာ ကာလတစ်ခုအထိ ဆက်လက် အချိန်ပေးသွားဖွယ်လည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ တန်ဟက်ဂ်လက်ထက် အသင်းက ရလဒ်တွေ ဆိုးရွှားလာမယ်ဆိုရင်တော့ အသင်းတာဝန်ရှိသူတွေက တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး သူ့နေရာအတွက် သင့်တော်မယ့် နည်းပြတစ်ဦးကို အစားထိုး ခန့်အပ်သွားဖို့လည်း ရှိနိုင်ပါတယ်။ လတ်တလောမှာတော့ Chris Wheeler ရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်နေရာအတွက် ဇာဗီသာ ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်နေပါတယ်။