မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အထောင်တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းက လက်ရှိအခြေအနေမှာ ယူနိုက်တက်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာနေပြီလို့ ဘောလုံးအကြောင်း သုံးသပ်သူ လီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါက သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းဟာ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ရပေမယ့်လည်း တစ်ရာသီလုံးမှာတော့ ပြိုင်ပွဲစုံ (၁၆)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ်လည်း လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့် ဟွိုင်လန်းက ဒဏ်ရာတွေ မကြာခဏ ရရှိနေတက်ပြီး အသင်းမှာ အားထားလို့မရနိုင်တဲ့ အနေအထားမျိုးအထိပါ ဖြစ်လာခဲ့ရပေမယ့်လည်း ဒီဒဏ်ရာထဲ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ ဟွိုင်လန်းက ခြေစွမ်းတွေ ပြသလာနိုင်ပြီး အရေးပါတဲ့ သွင်းဂိုးတွေလည်း သွင်းယူလာနိုင်ခဲ့ပါတယ်။

ဟွိုင်လန်းက ဒီရာသီမှာ ယူနိုက်တက်အတွက် (၆)ပွဲကစားပြီး ပေါ်တို ဘရန့်ဖို့ဒ်တို့နဲ့ ပွဲစဉ်တွေမှာပါ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဟွိုင်လန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကာရေဂါက “ဟွိုင်လန်းက ယူနိုက်တက်အတွက် အားထားရတဲ့ ကစားသမားတစ်ဦး စတင် ဖြစ်လာပါပြီလို့ ကျွန်တော် ထင်မိပါတယ်။”

Photo Credit : Ten Hag Balls

“ကျွန်တော် သူ့ကို ပေါ်တိုအသင်းနဲ့ ပွဲစဉ်မှာကတည်းက အထင်ကြီးသွားခဲ့မိတာ။ အဲ့ဒီပွဲတုန်းက သူရဲ့ တကယ့် စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက် တိုက်စစ်တန်းက ကစားသမား (၃)ဦးလုံးမှာ တကယ့် အရည်အသွေးကောင်းတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူကတော့ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ။ သူက အသင်းတိုက်စစ်အတွက် အားထားလာရပါပြီ။” လို့ သုံးသပ်သွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ အသင်းတိုက်စစ်အတွက် နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးကို ခေါ်ယူထားခဲ့ပေမယ့် ဇက်ခ်ဇီးက အသင်းမှာ ရုန်းကန်နေရတာကြောင့် ယူနိုက်တက်အနေနဲ့ ဟွိုင်လန်းကိုသာ ပိုမို အားထားနေရပြီး ဟွိုင်လန်းကလည်း အားထားစရာ စွမ်းဆောင်ရည်တွေကို ပြသလျက် ရှိနေပါတယ်။