မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ အသင်းအတွင်းမှာ ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်နေကြတာဖြစ်လို့ အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိပြီး အောင်မြင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပြီး ဒီရာသီထဲမှာတော့ ရာသီအစပိုင်းမှာပဲ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ အတော်လေး ရုန်းကန်နေရသလို ပရီးမီးယားလိဂ် (၇)ပွဲ ကစားအပြီးမှာတင် အဆင့် (၁၄)နေရာထိတောင် ရောက်နေရပါတယ်။

 

Photo Credit : BBCC

ဒီလို အခြေအနေတွေကြောင့်ပဲ ယူနိုက်တက်အသင်းက တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့အတွက် စီစဉ်လျက် ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေဟာလည်း ပိုမို လှုပ်ခတ်လာခဲ့ရပါတယ်။ ဒီလို သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့တွေက ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်နေပြီးတော့ အောင်မြင်လိမ့်မယ်လို့လည်း ယုံကြည်ထားတဲ့အတွက်ကြောင့် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။”

“အခု ကျွန်တော်တို့အသင်း ရပ်တည်နေတဲ့ အဆင့်နေရာနဲ့ ပတ်သက်ပြီး မပျော်ရွှင်ပါဘူး။ အခု ဂိုးတွေ ထပ်သွင်းဖို့ အချိန်တန်ပါပြီ။ ကျွန်တော်အနေနဲ့က ကလပ်အသင်းမှာ ရှိနေတဲ့သူတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာ သေချာပါတယ်။ ကလပ်အသင်းရဲ့ အတွင်းပိုင်းမှာကတော့ အားလုံးက ပုံမှန်ပါပဲ။”

Photo Credit : Eurosport

“လက်ရှိ အသင်းရဲ့ ရလဒ်တွေနဲ့ အဆင့်ရပ်တည်ချက်တွေက ကျွန်တော်တို့ လိုချင်နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ခက်ခဲနေတဲ့ အခြေအနေတွေကို ဖြတ်သန်းရပါမယ်။ ကျွန်တော်တို့ အစီအစဉ်အတိုင်း လုပ်ဆောင်ရပါမယ်။ ဆူဆူညံ့ညံ့အသံတွေက သတင်း မီဒီယာတချို့ကနေပဲ ထွက်လာကြတာလေ။ စိတ်ကူးယဉ် ပုံပြင်တွေ ဇာတ်လမ်းတွေကို ဖန်တီးတယ်။ အလိမ်အညာတွေကို သယ်ဆောင်လာတယ်။”

“တချို့ သတင်းထောက်တွေက ကျွန်တော်ပြောတာကို မယုံကြည်ကြဘူး။ ဒါကိုလည်း တချို့ သတင်း report တွေမှာ တွေ့ထားခဲ့ရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ဒီနေ့ညမှာပဲ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ နည်းပြ သောမတ်စ် ဖရန့်ရဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ယူနိုက်တက်တို့ ရလဒ်ဆိုးခဲ့မယ်ဆိုရင် တန်ဟက်ဂ်အနေနဲ့ ထုတ်ပယ်ခံရနိုင်ပါတယ်။