အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ချယ်လ်ဆီး ဘိုင်ယန်မြူးနစ် ဒေါ့မွန် ပီအက်စ်ဂျီတို့နဲ့အတူ ကလပ်အသင်း များစွာနဲ့ အတွေ့အကြုံများစွာ ရှိထားတဲ့ ဂျာမနီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ သောမတ်စ် တူဟယ်လ်ကို ဒီကနေ့မှာပဲ အင်္ဂလန်နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအပြီးမှာ အသင်းကနေ နုတ်ထွက်သွားတဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်နေရာမှာ ယူ-၂၁နည်းပြ လီကာစလေနဲ့ ယာယီ အစားထိုးထားခဲ့ပေမယ့် အသင်းအတွက် အမြဲတမ်းနည်းပြ တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး နည်းပြတော်တော်များများကိုလည်း ပစ်မှတ်ထားနေခဲ့ပါတယ်။

Photo Credit : Sky Sports

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အလိုချင်ဆုံး နည်းပြက မန်စီးတီး နည်းပြကြီး ဂွါဒီယိုလာဖြစ်ပြီး ဂွါဒီယိုလာကလည်း ဒီရာသီကုန်တာနဲ့ မန်စီးတီးနဲ့ သက်တမ်းကုန်ဆုံးပြီ ဖြစ်တာကြောင့် အင်္ဂလန်နဲ့ ဂွါဒီယိုလာတို့ကြား သတင်းတွေက ထွက်ပေါ်နေခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ FA က အသင်းလက်မဲ့ ဖြစ်နေတဲ့ တူဟယ်လ်ကိုပဲ အသင်းနည်းပြသစ်အဖြစ် အမြန်အဆန်ပဲ ခန့်အပ်လိုက်ပါတယ်။

နည်းပြဘဝအတွင်း နိုင်ငံအသင်းတွေကို ကိုင်တွယ်နိုင်ခြင်း မရှိသေးတဲ့ တူဟယ်လ်က သူ့အနေနဲ့ အင်္ဂလန်နည်းပြ ဖြစ်လာတဲ့အပေါ် အလွန် စိတ်လှုပ်ရှားနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ တူဟယ်လ်က “မင်္ဂလာပါ သောမတ်စ် ဒီနေရာမှာ ရောက်နေပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ဖြစ်နေရပါတယ်။”

Photo Credit : Transfermarket

“ဒါက အင်္ဂလန်နည်းပြအဖြစ် ကျွန်တော်ရဲ့ ပထမဆုံး မက်ဆေ့ချ်ပါပဲ။ ကျွန်တော် အခု ဝင်ဘလေကွင်းကြီးထဲမှာ ရှိနေပါတယ်။ ပြီးတော့ နည်းနည်းလောက် စိတ်လှုပ်ရှားစရာ အကြောင်းပြချက်လည်း ရှိနေတယ်။ အဲ့ဒါက ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်လို့ ကတိပေးနိုင်ပါတယ်။”

“ဒီရာထူးကို လက်ခံရရှိလိုက်လို့ ဂုဏ်ယူစရာ ဖြစ်နေသလို ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ သေချာအောင် အားလုံး လုပ်ဆောင်ပေးသွားပါမယ်။ ပြီးတော့ ဒီအသင်းမှာလည်း ကမ္ဘာ့ဖလားတစ်ခုလည်း ရထားပြီးပါပြီ။ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ထပ်မံ ရယူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်ေ်တာ်တို့အသင်းရဲ့ ဂျာစီပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့် ရလာဖို့ ကြိုးစားပါမယ်။ မကြာခင်မှာ ကွင်းထဲမှာ တွေ့ကြပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်က လာမယ့် ၂၀၂၅ခုနှစ်ကနေ စတင်ပြီး အင်္ဂလန်နည်းပြရာထူးအတွက် စတင် ဆောင်ရွှက်သွားတော့မှာ ဖြစ်ပါတယ်။