ပေါ်တူဂီ လက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်က ပေါ်တူဂီရဲ့ အသင်းခေါင်းဆောင် စူပါစတား ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကစားနိုင်သူဖြစ်ပြီး အသက် (၃၉)နှစ်လို့ မထင်ရအောင်ကို ကစားနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းရဲ့ အဓိက ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီမှာ အသက် (၄၀) ပြည့်မြောက်သွားတော့မှာ ဖြစ်ပေမယ့်လည်း အခုထိ ဘောလုံးသမားဘဝကနေ အနားယူဖို့နေနေသာ လက်ရွေးစင် ကစားသမားဘဝကနေတောင် အနားမယူနိုင်သေးပဲ ဘောလုံးသမားဘဝကို အကောင်းဆုံးပုံစံနဲ့ ဆက်လက် ဖြတ်သန်းနေပါတယ်။

Photo Credit : CNN

လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်ကတည်းက ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် စတင် ကစားခွင့် ရရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုက အခုဆိုရင် ပေါ်တူဂီအတွက် (၁၇၆)ပွဲအထိတောင် ကစားပေးထားနိုင်ပြီဖြစ်ပြီး အသင်းနဲ့လည်း ယူရိုဖလား နေးရှင်းစ်လိဂ်ဖလားတို့ကိုပါ ရယူပေးထားနိုင်ခဲ့ပါတယ်။ နောက်ပြီး ရော်နယ်လ်ဒိုက အခုထိလည်း ပေါ်တူဂီရဲ့ ပွဲစဉ်တိုင်းလိုလို ပါဝင်ကစားပေးရင်း ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေပါတယ်။

ပြီးခဲ့တဲ့ ခရိုအေးရှားနဲ့ နေးရှင်းစ်လိဂ်ပွဲမှာလည်း ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ကစားပေးရင်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် တစ်နာရီအကြာလောက်မှာတော့ နည်းပြမာတီနက်ဇ်က ရော်နယ်လ်ဒိုကို လူစားလဲမှု ပြုလုပ်ခဲ့ရာ အခု စကော့တလန်နဲ့ပွဲမှာပါ ရော်နယ်လ်ဒိုကို အနားပေးလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ခပ်သဲ့သဲ့ ထွက်ပေါ်လာပါတယ်။

Photo Credit : Reuters

ဒါပေမယ့် မာတီနက်ဇ်ကတော့ “ခရစ္စတီယာနိုက (၃၉)နှစ်အရွယ် ကစားသမားတစ်ဦးလို အလုပ်လုပ်နေတာ မဟုတ်ဘူး။ သူက အသက် (၃၉)နှစ်အရွယ် ကစားသမားတစ်ယောက်လိုမျိုး ကစားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း ကစားသမားတိုင်းရဲ့ သူတို့ ဘယ်လိုမျိုး ခံစားနေရလဲ ဆိုတဲ့အပေါ်မှာ အကဲဖြတ်နေပါတယ်။”

“ခရစ္စတီယာနိုက ဒီကစားသမား အစုအဖွဲ့ထဲမှာ တကယ်ကို ကောင်းကောင်း အလုပ်လုပ်နေပါတယ်။ အဝေးကွင်းပွဲချည်းပဲ (၂)ပွဲဆက်တိုက် ကစားရတာက မလွယ်ကူမှန်း သိပေမယ့် ဒီပွဲတွေအတွက် ဘယ်လို ပြင်ဆင်နိုင်မလဲဆိုတာက ပိုအရေးကြီးတယ်။ အခု စကော့နဲ့ပွဲမှာ သူ ပွဲထွက်နိုင်မလား ပွဲအပြီးအထိ ကစားနိုင်မလားတော့ ကျွန်တော် မသိသေးဘူး။ ဒါပေမယ့် သူ ဒီပွဲကို ပါဝင်နိုင်မှာတော့ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။