ဒီနွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ စီးရီးအေကလပ် နာပိုလီအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ စကော့တလန် ကွင်းလယ်ကစားသမား မက်တွမ်မီနေးဟာ နာပိုလီရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲကမှ တစ်ဦးအပါအဝင် ဖြစ်နေတယ်လို့ ပြောဆို သတ်မှတ်ခံနေရပါတယ်။

အသက် (၂၇)နှစ်အရွယ် မန်ယူနိုက်တက် အကယ်ဒမီထွက် စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တွမ်မီနေးဟာ ဒီနွေမှာပဲ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေထက် ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီ ကိုင်တွယ်နေတဲ့ နာပိုလီအသင်းဆီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင် တွမ်မီနေးက နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲ ကစားပေးထားပြီး (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားသလို အသင်းကိုလည်း စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားပါတယ်။ ဒါ့အပြင် တွမ်မီနေးဟာ ကိုမိုနဲ့ပွဲစဉ်မှာလည်း ပထမဆုံး စီးရီးအေဂိုးကို ပွဲအစ တစ်မိနစ်မှာတင် သွင်းယူနိုင်ခဲ့တာကြောင့် အသင်းဖော် လူကာကူက သူ့ကို ဂိုးဧရိယာတဝိုက် ကြောက်စရာကောင်းတဲ့သူလို့ တင်စားလိုက်ပါသေးတယ်။

အခုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အေးဂျင့်ဖြစ်သူ ခရစ္စတီယန် ဘော့စကိုကပါ တွမ်မီနေးနဲ့ ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ “ခင်ဗျားဆီမှာ မတူညီတဲ့ DNA မျိုးတွေ ရှိနေရင်တောင်မှ ခင်ဗျားက ချန်ပီယံတစ်ယောက် ဖြစ်လာနိုင်ပါတယ်။”

Photo Credit : Goal

“အခု နာပိုလီက ကြမ်းတမ်း ခက်ထန်တဲ့ အသင်းတစ်သင်းပါ။ တွမ်မီနေးဟာလည်း အီတလီမှာ သူ့ကိုယ်သူ သက်သေပြဖို့ ကျန်နေသေးပေမယ့် နာပိုလီအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဒီရာသီမှာလည်း နာပိုလီက စကူဒက်တို ချန်ပီယံဆုအတွက် ပြိုင်ဘက်ကင်းနိုင်ပြီး သူတို့အသင်း ချန်ပီယံ ဖြစ်လာဖို့က သူတို့အသင်းအပေါ်မှာသာ မူတည်နေပါတယ်။” လို့ ဘော့စကိုက သုံးသပ်သွားခဲ့ပါတယ်။

ဒါ့အပြင် ဘော့စကိုက နာပိုလီ ကွင်းလယ်ကစားသမားသစ် တွမ်မီနေးအနေနဲ့လည်း နာပိုလီကို စီးရီးအေ ဖြစ်လာစေဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။