မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဝိန်း ရွန်းနီက လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးဆိုပြီး ထောက်ခံ အားပေးမှုတွေ လုပ်ဆောင်ခဲ့ရင်း ကစားသမားတွေက ဒီထက်မက ပိုမို ကောင်းမွန်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့ သတိပေးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကြီးဖြစ်တဲ့ ရွန်းနီဟာ လက်ရှိမှာတော့ နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွှက်လျက် ရှိနေပြီး ပလိုင်းမောက်အသင်းကို ကိုင်တွယ်လို့နေပါတယ်။ လက်ရှိမှာ သူ့အသင်းဟောင်း ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် (၁၄)ထိတောင် ရောက်ရှိလို့နေပြီး တန်ဟက်ဂ်ရဲ့ အနာဂတ်ပါ လှုပ်ခတ်လာရတဲ့အကြောင်းကို သူရဲ့ ထင်မြင်ချက်တွေနဲ့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Independent

“ဒီလို အခြေအနေကို သေချာကြည့်ရှုဖို့ဆိုတာ ဘောလုံးအသင်းပိုင်ရှင်တွေအပေါ်မှာ မူတည်ပါတယ်။ အဲရစ် တန်ဟက်ဂ်ဟာ ကောင်းမွန်တဲ့ နည်းပြတစ်ဦးဆိုတာ သေချာပါတယ်။ သူက ဘယ်အသင်းမှာပဲဖြစ်ဖြစ် ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်မှာလည်း ဆုဖလားတွေ ဆွတ်ခူးထားခဲ့ပါသေးတယ်။”

“အခုကတော့ သူက ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရပြီး သူကိုယ်တိုင်လည်း ဒီလိုပြောနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို သူ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ နည်းပြတွေက မကြာခဏ သူတို့ အလုပ်တွေကို ဆုံးရှုံးနေရပြီးတော့ ပြီးရင်လည်း ပုံစံမတူတဲ့ တခြားနည်းပြတစ်ဦးနဲ့ အသင်းကို ပြန်တည်ဆောက်ရတာကြောင့်ပါ။”

Photo Credit : Metro

“ဒါက ခက်ခဲပါတယ်။ နောက်ပြီးတော့ အသင်းအနေနဲ့လည်း အဆင့်(၁၄)ကို ရောက်နေသည့်တိုင် ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်လို့ ဘယ်သူမဆို ဝန်ခံမှာပါ။ ကလပ်အသင်းမှာ ရှိနေတဲ့ လူတိုင်းက တိုးတက်ဖို့ လိုအပ်နေတယ်ဆိုတာ သိထားကြပါတယ်။”

“အဲရစ် တန်ဟက်ဂ်ကလည်း သူ တက်နိုင်သမျှ ကြိုးစားပြီး တိုးတက်အောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကစားသမားတွေကတော့ ထပ်ပြီး ပြောရရင် ပြီးခဲ့တဲ့ရာသီက သူတို့ လုပ်ခဲ့တာတွေထက် ပိုကောင်းအောင် လုပ်ဖို့ လိုနေတယ်ဆိုတာကို ကျွန်တော် ပြောခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း ကစားသမားတွေရဲ့ အပြောင်းအလဲက ကြီးမားခဲ့တယ်။ ကစားသမားတွေ အချင်းချင်း ပြိုင်ဆိုင်နေကြတာကိုပဲ အားလုံး မြင်ချင်ကြမှာ။” လို့ ရွန်းနီက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။