အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အီမန်နူရယ် ပီတစ်က သူ့အသင်းဟောင်းအနေနဲ့ ဘာစီလိုနာအသင်း အဓိက ပစ်မှတ်ဖြစ်တဲ့ ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယံစ်ကို အရ ခေါ်ယူသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

အသက် (၂၂)နှစ်သာ ရှိသေးတဲ့ စပိန် ဘယ်တောင်ပံ ကစားသမားလေး နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအို စီနီယာအသင်းအတွက် ၂၀၂၁ခုနှစ်ကပဲ စတင် ကစားခွင့် ရရှိခဲ့ရင်း အချိန်တိုလေးအတွင်းမှာပဲ ဘီလ်ဘာအိုရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို စပိန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရပါတယ်။

Photo Credit : DaveOCKOP

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံ ဖြစ်လာအောင် အဓိကနေရာကနေ စွမ်းဆောင်ခဲ့တဲ့ နီကို ဝီလီယံစ်ဟာ နွေဈေးတုန်းကပဲ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘာစီလိုနာက အော်လ်မိုကိုသာ ခေါ်ယူနိုင်ခဲ့ပြီး နီကို ဝီလီယံစ်ကိုတော့ လာမယ့်နွေမှ ခေါ်ယူဖွယ် ရှိနေရပါတယ်။

ဒီလို အခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့ ဘာစီလိုနာနဲ့အပြိုင် နီကို ဝီလီယံစ်ကို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်း ဆောင်ရွှက်သင့်တယ်လို့ ကစားသမားဟောင်းကြီး ပီတစ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ “အာဆင်နယ်အသင်းက ရည်မှန်းချက် ကြီးမားပါတယ်။ မကြာသေးခင်ကမှ ငယ်ရွယ်သေးတဲ့ နည်းပြ အာတီတာကိုလည်း စာချုပ်သစ် ချုပ်ဆိုမှုလည်း လုပ်ထားပါသေးတယ်။”

Photo Credit : Goal

“အာတီတာနဲ့ နည်းပြအဖွဲ့ဝင်တွေက အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ သူတို့ ဘာတွေလုပ်နေလဲဆိုတာကို သိကြပြီး အခုအချိန်မှာတော့ ကစားသမားတွေထဲ အပြိုင်အဆိုင်တွေ ပိုဖြစ်လာနိုင်မယ့် အပြောင်းအရွှေ့မျိုးကို လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။”

“အာဆင်နယ်အသင်း ခေါ်ယူဖို့ လိုအပ်နေတဲ့ ကစားသမားတစ်ဦးကတော့ နီကို ဝီလီယံစ်ပါပဲ။ ဒီကစားသမားကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် မီခယ်လ် အာတီတာအတွက် dream signing တစ်ခုတောင် ဖြစ်လာပါလိမ့်မယ်။ သူက တကယ်ကို အံ့သြစရာကောင်းတဲ့ ကစားသမား ဖြစ်ပြီးတော့ ကလပ်အသင်းတွေကလည်း အလိုရှိနေကြပေမယ့် အာဆင်နယ်ဆီပဲ ရောက်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ပီတစ်က ပြောကြားလိုက်ပါတယ်။