လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် နောက်ခံကစားသမားကြီး ဗာဂျယ်လ် ဗန်ဒိုက်က အသင်းအနေနဲ့ အောင်မြင်မှုတွေကို ရယူဖို့အတွက်ဆိုရင် အန်ဖီးလ်မှာ နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလိုမျိုး ထပ်ပြီး မဖြစ်လာဖိုု့ လိုအပ်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခု ဘောလုံးရာသီမှာ နည်းပြသစ် အာနာ ဆလော့နဲ့အတူ ဖြတ်သန်းနေခဲ့တာဖြစ်ပြီး ဆလော့ကလည်း အသင်းကို ရာသီအစ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲတွေ လုံးဝ ပေးဂိုးမရှိတာတွေနဲ့ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပေမယ့် နော်တင်ဟမ်ကို အိမ်ကွင်းမှာ ကစားရတဲ့ ပွဲမျာတော့ လီဗာပူးလ်က (0-1) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit : The Liverpool Offside

နော်တင်ဟမ်လို အသင်းမျိုးကို အိမ်ကွင်းမှာ တစ်ဂိုးမှ ပြန်မသွင်းနိုင်ပဲ ရှုံးနိမ့်ခဲ့ရတဲ့ ရှုံးနိမ့်မှုဟာ လီဗာပူးလ်အတွက် လက်ခံရခက်တဲ့ ရှုံးပွဲဖြစ်ခဲ့ရပေမယ့် မနေ့ညက မီလန်မှာ အေစီမီလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် league phase အဖွင့်ပွဲစဉ်မှာတော့ နောက်ကနေ ဂိုးတွေ လိုက်သွင်းရင်း နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အတွက် ဦးဆောင်ဂိုး ဖြစ်စေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက်က သူတို့အသင်းအနေနဲ့ နည်းပြဆလော့နဲ့အတူ စမ်းသပ်ကာလကို ကျော်လွန်သွားခဲ့ပြီဖြစ်လို့ လာမယ့်ပွဲတွေမှာ နော်တင်ဟမ်နဲ့ ပွဲကလိုမျိုးတွေ မဖြစ်လာဖို့ သတိထားရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “ဘောလုံးမှာက ရလဒ်ကောင်းတွေကို ချက်ချင်းဆိုသလို ပို့ဆောင်ပေးနေရတာမို့ အဲ့ဒီလိုသာ မလုပ်နိုင်ရင် ပြင်ပကနေ ဖိအားတွေ ဝင်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ် ဆက်လုပ်နေရပါမယ်။”

Photo Credit : Outlook India

“ကျွန်တော့်မှာရော ကျွန်တော်တို့ နည်းပြကြီး ဆလော့မှာပါ ကြီးမားတဲ့ အခန်းကဏ္ဍတွေ ရှိနေကြတာ သိသာပါတယ်။ နောက်ပြီး ကျွန်တော် အပါအဝင် ကစားသမားတွေကလည်း ဒါကို ကွင်းထဲမှာ ပြသရပါမယ်။ ကျွန်တော် နော်တင်ဟမ်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ စိတ်ကို တည်ငြိမ်အောင် ထားပြီးတော့ ပစ်မှတ်တွေကိုပဲ အာရုံစိုက်ထားရမယ်လို့ ကျွန်တော် ပြောခဲ့သေးတယ်။ ဒါပေမယ့် ပွဲကို ပြန်ကြည့်လိုက်ရင် ကျွန်တော် နော်တင်ဟမ်ကို မလေးစားတာတော့ မဟုတ်ပါဘူး။”

“သူတို့အသင်းကို အိမ်ကွင်းမှာရှုံးလိုက်ရတယ်ဆိုတာက ကျွန်တော်တို့အတွက် အလွယ်တကူလေး မေ့ထားလို့မရတဲ့ အမှန်တရားဖြစ်သလို shock ဖြစ်သွားစေတဲ့ ရလဒ်လည်း ဖြစ်နေပါတယ်။ တကယ်လို့ အသင်းအနေနဲ့ အောင်မြင်မှုတွေကို ရယူသွားချင်တယ်ဆိုရင်တော့ ဒီလိုမျိုးတွေ အဖြစ်မခံလို့ မဖြစ်တော့ပါဘူး။ မီလန်နဲ့ပွဲမှာတော့ ကျွန်တော်တို့တွေ အကောင်းဆုံး တုံ့ပြန်မှုကို ပြနိုင်ခဲ့တယ်။ စနေ့ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားရပါမယ်။” လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။