တော့တင်ဟမ် ဟော့စပါးအသင်းရဲ့နည်းပြဖြစ်သူ အန့်ဂျ် ပိုစတီကိုဂလူးက သူဟာ နည်းပြဘဝရဲ့ ဒုတိယမြောက် ဘောလုံးရာသီတွေမှာ ဆုဖလား ရယူတက်တဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးတာကြောင့် အခု စပါးနည်းပြဘဝ ဒုတိယရာသီမှာလည်း အသင်းအတွက် ဆုဖလား တစ်ခုခုကို ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။

သြစတြေးလျလူမျိုး ဘောလုံးနည်းပြ ပိုစတီကိုဂလူးဟာ မနှစ်က ဘောလုံးရာသီကမှ ဆဲလ်တစ်အသင်းကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာတော့ ပရီးမီးယားလိဂ် အဆင့် (၅)နေရာထိသာ ပို့ဆောင်နိုင်ခဲ့သလို ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေမှာလည်း အစောဆုံး အဆင့်တွေနဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Daily Record

အခုရာသီမှာလည်း ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်(၄)ပွဲမှာ အဲဗာတန် တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး လက်စတာကို သရေ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကို (၂)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ထားခဲ့ရပါတယ်။

အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အပြီး အင်တာဗျူး လုပ်ဆောင်နေစဉ်အတွင်းမှာ နည်းပြ ပိုစတီကိုဂလူးက သူအင်တာဗျူး ဖြေနေတာကို ကြားဖြတ် ထပ်မေးလာတဲ့အပေါ် “ခင်ဗျား မေးတာကို ကျွန်တော် ဆက်ဖြေရမှာလည်း ဒါမှမဟုတ် ခင်ဗျားက ဆက်ပြီး မေးနေမှာလား။ ကျွန်တော်က အမြဲတမ်း အောင်မြင်နေတာ မဟုတ်ပေမယ့် ဒုတိယနှစ်တွေမှာတော့ ကျွန်တော် အမြဲတမ်း အောင်မြင်ပါတယ်။ ဒါက မပြောင်းလဲသွားပါဘူး။”

Photo Credit : Betimate

“ကျွန်တော် အခု ပြောပြီးပါပြီ။ ကျွန်တော့် ကစားသမားတွေအပေါ် မယုံကြည်တာမျိုးဆိုရင် ကျွန်တော် ဘာမှကို ပြောမှာ မဟုတ်ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီလို နည်းပြ ပိုစတီကိုဂလူးရဲ့ ပြောဆိုမှုကို အသင်းပရိသတ်တွေက လှောင်ပြောင်မှုတွေ လုပ်ဆောင်လာခဲ့ပြီး နည်းပြက စပါးအသင်းလို အသင်းမျိုးကို ကိုင်တွယ်နေတာ သတိမထားမိပဲ ဒီစကားကို ပြောခဲ့တာလို့ လှောင်ပြောင်သွားခဲ့ပါတယ်။

“နည်းပြကြီးက သူကိုင်တွယ်နေတဲ့ ကလပ်အသင်းက ဘာအသင်းလဲဆိုတာကို မေ့နေတာ” “သူ့စကားအရ ဆဲလ်တစ်နဲ့ အေလိဂ်က ကလပ်အသင်းတွေဆိုရင်တော့ ဖြစ်နိုင်ပါတယ်။” “သူ ကိုင်တွယ်နေတာ စပါးအသင်းဆိုတာကို သူ့ကို ပြောပြပေးလိုက်ကြပါ” ဆိုပြီး ပရိသတ်တွေက လှောင်ပြောင်ထားကြပါတယ်။ စပါးအသင်းဟာလည်း ၂၀၀၈ခုနှစ် နောက်ပိုင်းကတည်းက ဆုဖလားတွေနဲ့ ဆက်တိုက်ကို အလှမ်းဝေးနေခဲ့တာပဲ ဖြစ်ပါတယ်။