နယ်သာလန် ကစားသမားဟောင်းကြီး ရာဖယ်လ် ဗန်ဒါဗတ်က နယ်သာလန် နောက်ခံကစားသမား မာသိုင်းယပ်စ် ဒီလစ်ဟာ အေဂျက်စ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း သူရဲ့ခြေစွမ်းတွေဟာ အေဂျက်စ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးလိုမျိုး ပြန်လည် မပြသနိုင်သေးဘူးလို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ဒီလစ်ဟာ အေဂျက်စ် အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီးတော့ အေဂျက်စ်မှာ ကစားခဲ့စဉ်က အတော်လေး ကျော်ကြားခဲ့သူ ဖြစ်သလို ၂၀၁၈ခုနှစ် Golden Boy အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

Photo Credit : TEAMtalk

ဆယ်ကျော်သက် ကစားသမားအရွယ်မှာပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေရတဲ့ ဒီလစ်ဟာ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ ဂျှုဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်အကြားမှာပဲ ဘိုင်ယန်မြူးနစ်ဆီ ထပ်မံ ပြောင်းခဲ့ရင်း ဘိုင်ယန်မှာ (၂)ရာသီ ကျင်လည်ခဲ့ပြီး ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းခဲ့ပြန်ပါတယ်။

နယ်သာလန်အတွက်လည်း ပွဲပေါင်း (၅၀)ခန့်လောက်အထိ ကစားထားခဲ့တဲ့ ဒီလစ်ဟာ ဒီတစ်ပတ်ရဲ့ နယ်သာလန် ပွဲစဉ်(၂)ပွဲမှာတော့ ဆက်တိုက် အမှားတွေ ကျူးလွန်မိတာကြောင့် ပြစ်တင် ဝေဖန်ခံနေရပြီး ဒီလစ်ရဲ့ စီနီယာဖြစ်သူ ဗန်ဒါဗတ်ကလည်း ဒီလစ်နဲ့ ပတ်သက်လို့ သုံးသပ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “ကျွန်တော်က သူရဲ့အမာခံ ပရိသတ်ပါ။ သူရဲ့အရည်အသွေးကိုလည်း သဘောကျသူပါ။”

Photo Credit : Football365

“ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သူ အေဂျက်စ်ကနေ ထွက်ခွာသွားပြီးကတည်းက အေဂျက်စ်မှာတုန်းကလိုမျိုး ခြေစွမ်းတွေ မပြသနိုင်တော့ဘူး။ သူရဲ့ကစားသမားဘဝ နည်းနည်းတော့ အဆင်မပြေဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဂျာမနီနဲ့ ပွဲမှာလည်း အမှားတွေ ထပ်လုပ်မိပြီးတော့ အမှားတိုင်းကလည်း ဂိုးအဖြစ် ခွင့်ပြုနေရတယ်။ သူ နည်းနည်းလောက် ကံဆိုးနေရတယ်လို့လည်း ထင်ပါတယ်။”

“ဒါပေမယ့် ကျွန်တော် သူရဲ့ အရည်အသွေးကို ယုံကြည်နေတုန်းပါပဲ။ နည်းပြ တန်ဟက်ဂ်နဲ့အတူ ယုံကြည်မှုတွေ ပြန်ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူက ငယ်ရွယ်သေးပြီးတော့ အသင်းကြီးတစ်သင်းမှာပါ ကစားနေတာမို့ ယုံကြည်မှုတွေ ပြန်ရလာနိုင်ပါတယ်။ သူ အခု ခြေစွမ်းကောင်း မပြနိုင်တာက ကြာနေပြီ ဆိုပေမယ့်လည်း အရည်အသွေးတွေအရ သူက ကောင်းမွန်တဲ့ နောက်ခံလူတစ်ဦး ဖြစ်နေတုန်းပါပဲ။” လို့ ဗန်ဒါဗတ်က သုံးသပ်လိုက်ပါတယ်။