မန်ချက်စတာ စီးတီးအသင်းရဲ့ ဝါရင့် နောက်ခံအစွန်လူ ကိုင်း ဝေါ်လ်ကာက သူ့အတွက် အကောင်းဆုံးသော မန်စီးတီး အသင်းဖော် ကစားသမားက မန်စီးတီးကစားသမားဟောင်းကြီး ဒေးဗစ် ဆေးလ်ဗား ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ဝေါ်လ်ကာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်း တော့တင်ဟမ် ဟော့စပါးကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဝေါ်လ်ကာက မန်စီးတီး ကစားသမားဘဝ (၈)ရာသီမြောက်ကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit : BBC

အသက် (၂၇)နှစ်အရွယ်ကနေ (၃၄)နှစ်အရွယ်အထိ မန်စီးတီးမှာ ကစားခဲ့ဖူးတဲ့ ဝေါ်လ်ကာဟာ အသင်းဖော်များစွာနဲ့ တွဲဖက်ကစားခဲ့ဖူးပြီး ဒီကစားသမားတွေထဲကမှ သူ့အတွက် အကြိုက်ဆုံး အသင်းဖော်ဟာ စီးတီး ကစားသမားဟောင်းကြီး ဒေးဗစ် ဆေးလ်ဗား ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဝေါ်လ်ကာက မန်စီးတီးဆီ ပြောင်းလာချိန်ကနေ (၃)နှစ်ကြာတဲ့အထိ ဆေးလ်ဗားနဲ့ တွဲဖက်ကစားခဲ့ဖူးပြီး အသင်းအတွက် ဆုဖလားတွေလည်း ရယူပေးနိုင်ခဲ့ရာ သူအကြိုက်ဆုံး စီးတီး အသင်းဖော်ဟာလည်း ဆေးလ်ဗားသာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ “ဒေးဗစ်(ဆေးလ်ဗား)ကို အကြိုက်ဆုံးပဲ။ သူက အလျင်မြန်ဆုံး မဟုတ်ပေမယ့် ဘယ်လိုလှည့်ထွက်ရမလဲ သူ့ body ကို ဘယ်လို အသုံးချရမလဲဆိုတာ သိနေတယ်။”

Photo Credit : Manchester City News

“နောက်ပြီး ပထမနှစ်နှစ်လောက်တုန်းက ဆာနေးနဲ့ တစ်ဖက်စီ ကစားခဲ့တုန်းကလည်း တစ်ယောက်ကိုတစ်ယောက် ဖြည့်ကစားပေးနိုင်တာက အရမ်းကောင်းတယ်။ သူက ဆာနေး ဘောလုံးကို လိုချင်နေပြီလား မလိုချင်သေးဘူးလားဆိုတာ သိနေတက်သလို အသင်းက ဘာတွေ လိုအပ်နေတယ်ဆိုတာကိုပါ သူက သိနေပါတယ်။” လို့ ဝေါ်လ်ကာက ပြောဆိုသွားခဲ့ပါတယ်။

စပိန်နဲ့ မန်စီးတီး ကစားသမားဟောင်းကြီး ဒေးဗစ် ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ကနေ ၂၀၂၀ခု။နှစ်အထိ ဆယ်စုနှစ် တစ်ခုကြာအောင် ပါဝင်ကစားခဲ့ရင်း အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သလို မန်စီးတီးရဲ့ ဂန္တဝင် ကစားသမားကြီးအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။